နေပြည်တော် ဇန်နဝါရီ ၂၈
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဟိုတယ်များ မြို့ပြအင်္ဂါရပ်နှင့်ညီညွတ်မှုရှိပြီး စိမ်းလန်းသာယာလှပသော ပတ်ဝန်းကျင်အဖြစ် ဖန်တီးဆောင်ရွက်နေမှုများကို ကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Jasmine Nay Pyi Taw Hotel ၌ နေပြည်တော်ရှိ ဟိုတယ်များမှ အထွေထွေမန်နေဂျာများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ကို နိုင်ငံ၏မြို့တော်၊ အုပ်ချုပ်ရေးမြို့တော်အဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားရှိကြောင်း၊ ထို့ကြောင့် လမ်းပန်းဆက်သွယ်ရေးစနစ်၊ ရေစီးရေလာကောင်းမွန်ရေးစနစ်တို့အပါအဝင် အပန်းဖြေ အနားယူနိုင်သည့်နေရာများ၊ ခရီးသွားဆွဲဆောင်ရာနေရာများ၊ တည်းခိုနေထိုင်ရန် ဟိုတယ်ဇုန်များကို မြို့ပြစီမံခန့်ခွဲမှုစနစ်များနှင့်အညီ တည်ဆောက် ထားရှိကြောင်း၊ နိုင်ငံတကာအဆင့်မီအပြည်ပြည်ဆိုင်ရာလေဆိပ်ကြီး တည်ရှိနေသဖြင့် ပြည်ပခရီးသွားဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက်လာနိုင်သည့် အခွင့်အလမ်းများရှိကြောင်း။
နေပြည်တော်ကို Green City၊ Clean City၊ Smart City ဖြစ်အောင် မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိရာ ဟိုတယ်များက ပူးပေါင်းပါဝင်ဆောင် ရွက်ကြရန်လိုကြောင်း၊ ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်လျက်ရှိရာ အံ့ဖွယ်ရုပ်ပွားတော်ကြီးအဖြစ် ပေါ်ထွက်လာမည်ဖြစ်သဖြင့် နေပြည်တော်သို့ ပြည်တွင်း/ပြည်ပဘုရားဖူးများ လာရောက်တည်းခို နေထိုင်မှုများရှိလာမည်ဖြစ်ကြောင်း၊ ဟိုတယ်များအနေဖြင့် ဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရေးအတွက် အဆင်သင့်ဖြစ်နေရန် ပြင်ဆင်ထားကြရမည်ဖြစ်ကြောင်း။
ထို့ကြောင့် ခရီးသွားများ အပန်းဖြေအနားယူနိုင်သည့် စိမ်းစိုသောပတ်ဝန်းကျင်များဖြင့် Green Zone များ ဖော်ထုတ်ကြရန်လိုအပ်ကြောင်း၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းသော ဝန်ဆောင်မှုကောင်းများပေးစွမ်းနိုင်ရေးနှင့် Health and Safety Protocols-HSP အစီအစဉ်များနှင့် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ်တို့ကိုလည်း လိုက်ပါအသုံးပြုကြရန်လိုအပ်ကြောင်း၊ ဟိုတယ်များအနေဖြင့် လုံခြုံရေး၊ ညအချိန်ရောင်စုံမီးလုံးများ ထွန်းလင်းထားရှိရေးတို့ကို အထူးအလေးထားဂရုတစိုက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်