Skip to main content

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ ဒုတိယအကြိမ် လုပ်ငန်းသုံးသပ်ဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၈

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ ဒုတိယအကြိမ် လုပ်ငန်းသုံးသပ်ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး က ဥပဒေရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် သက်ဆိုင်ရာဦးစီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးများသည် ပြည်ထောင်စုရှေ့နေချုပ် ဥပဒေပါပြဋ္ဌာန်းချက်များနှင့် တရားမျှတမှုအတွက် ဥပဒေဝန်ဆောင်မှုဟူသည့် မဟာဗျူဟာစီမံကိန်းပါ မူဝါဒများနှင့်အညီ ဥပဒေဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကို ဥပဒေဝန်ဆောင်မှုပေးနေပါကြောင်း၊ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးကဏ္ဍကြီး ၃ ရပ်စလုံးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့တွင် ဥပဒေရေးရာများ အထောက်အကူပြုခြင်းဖြင့် အရေးပါသောလုပ်ငန်းတာဝန်များကို ထမ်းဆောင်နေသော အဖွဲ့အစည်းလည်းဖြစ်ပါကြောင်း။

ယခုလို ဆောင်ရွက်ရာတွင် ဝန်ကြီးဌာန၏ စီမံအုပ်ချုပ်မှုနှင့် လုပ်ငန်းလည်ပတ်မှု ခိုင်မာအားကောင်းစေရေးအတွက် ဝန်ကြီးရုံးသည် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၏ တိုက်ရိုက်ကြီးကြပ်မှုဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဝန်ကြီးရုံးကို ဦးစီးရုံးဌာနခွဲ၊ ဌာနတွင်းစာရင်းစစ်နှင့် ဘဏ္ဍာရေးဌာနခွဲ၊ စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲ၊ မူဝါဒဥပဒေလုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းများစစ်ဆေးရေးဌာနခွဲ၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲ၊ ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲတို့ဖြင့် ဖွဲ့စည်းထားသည့်အပြင် တရားလွှတ်တော်ရှေ့နေများကောင်စီ၏ ရုံးလုပ်ငန်းများကိုလည်း တာဝန်ယူဆောင်ရွက်နေကြောင်း၊ တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေအရ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်သည် တရားလွှတ်တော်ရှေ့နေများကောင်စီဥက္ကဋ္ဌတာဝန်ကို ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အစိုးရ၏ တရားဥပဒေစိုးမိုးရေးဆိုင်ရာမူဝါဒများ ပိုမိုခိုင်မာအားကောင်းလာစေရန် တရားမမှု၊ ပြစ်မှုများတွင် မျှတသောတရားစီရင်ရေးရရှိစေရန် ရည်ရွယ်ဆောင်ရွက်နေကြောင်း။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ အစရှိသည့် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအား ဥပဒေ၊ နည်းဥပဒေများ၊ ကျွမ်းကျင်မှုရှိစေရန်ရည်ရွယ်၍ နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၁)နှင့် အမှတ်စဉ်(၂)တို့ကိုဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ သင်တန်းများကို ဆက်လက်ဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဥပဒေသင်တန်းကျောင်း (Legal Advocacy Center)ကို ဖွင့်လှစ်တည်ထောင်နိုင်ရန် သင်တန်းကျောင်း စတင်တည်ဆောက်နေပြီဖြစ်ကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍ ၃ ရပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကသာ ကျင့်သုံးဆောင်ရွက်ခွင့်ရှိပြီး ပြည်နယ်တိုင်းဝန်ကြီးချုပ်များက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုယ်စား ဆောင်ရွက်ခြင်းသာဖြစ်၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံသို့ တင်ပြဆောင်ရွက်၍ လမ်းညွှန်မှုနှင့်အညီ ဆောင်ရွက်သင့်ကြောင်း၊ တင်ပြတိုင်ကြားစာများအရ မြို့နယ်ဥပဒေရုံးများ၏ ဆောင်ရွက်ချက်နှင့် သက်ဆိုင်သည့်ကိစ္စက အများဆုံးဖြစ်ပါကြောင်း၊ တင်ပြစာ၊ တိုင်ကြားစာများအရစိစစ် ကြည့်ရှုသောအခါမှ မှားယွင်းသည်ကိုတွေ့ရှိ၍ ပြင်ဆင်ခဲ့ရသကဲ့သို့ မြို့နယ်ဥပဒေရုံး၏ အကြံပြုချက်ကို ပြင်ဆင်သည့်အတွက် တင်ပြ၊ တိုင်ကြား၍စိစစ်ပြီး ပြင်ဆင်ခဲ့ရ သည်များလည်းရှိကြောင်း၊ စိစစ်ကြီးကြပ်ရန်တာဝန်ရှိသူများ၏ ပေါ့လျော့၊ လွဲမှားဆောင်ရွက်မှုကြောင့်ဖြစ်သည်ဟု သုံးသပ်နိုင်ကြောင်း၊ စိစစ်ကြီးကြပ်ရန် တာဝန်ရှိသူအဆင့်ဆင့်က မှန်မှန်ကန်ကန်နှင့် ရာထူးအဆင့်နှင့်လျော်ညီသော တာဝန်ကျေပွန်အောင်ဆောင်ရွက်ကြရန် လိုကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးများက ထိန်းကျောင်းတည့်မတ်ရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြပြီး ရုံးလုပ်ငန်းကိစ္စများကို ဆက်လက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)