နေပြည်တော် ဇန်နဝါရီ ၂၇
ပဲခူး - မော်လမြိုင်လမ်းပိုင်းရှိ မွန်ပြည်နယ်၊ မုပ္ပလင်ဘူတာနှင့် ကျိုက္ကသာဘူတာအကြား မိုင်တိုင်အမှတ်၊ ၈၈/၂၂-၂၄ ရှိ တံတားအမှတ် (၄၁)အားဇန်နဝါရီ ၂၆ ရက် နံနက် ၄ နာရီခန့်တွင် အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲခဲ့ရာ တံတားပျက်စီးခဲ့ပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်း(၁၀)လုံးကိုလည်း တွေ့ရှိရသဖြင့် မုပ္ပလင် - ကျိုက္ကသာ ရထားလမ်းပိုင်းအား နံနက်(၈) နာရီ(၅၀)မိနစ်တွင် ပိတ်ထားခဲ့ရကြောင်း သိရှိရသည်။
မိုင်းပေါက်ကွဲမှုကြောင့် တံတား၏အပေါ်ချုပ်တန်းမိန်းခုံ (Top Cord) ပျက်စီးခဲ့ပြီး တံတားကြံ့ခိုင်မှုစစ်ဆေးပြုပြင်၍ ရထားများ အမြန်ဆုံးပြန်လည်ဖြတ်သန်းနိုင်ရေးအတွက် မြန်မာ့မီးရထားရုံးချုပ်မှ တာဝန်ရှိသူများ၏ကြီးကြပ်မှုဖြင့် မြို့ပြအင်ဂျင်နီယာဌာန တံတားလုပ်ငန်းအဖွဲ့နှင့် တိုင်းအမှတ်(၈)ရှိ တာဝန်ရှိသူများက နေ့ရောညပါ အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး လမ်းပိုင်းအား အမြန်ဆုံးပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရထားလမ်းပိတ်ဆို့မှုကြောင့် ဇန်နဝါရီ ၂၆ ရက် နံနက်(၈)နာရီတွင် ရန်ကုန်မှထွက်ခွာလာသည့် ခရီးသည်(၄၃၀)ဦး လိုက်ပါလာသော အမှတ်(၈၉)အဆန် လူစီးရထားနှင့် နံနက်(၉)နာရီတွင် မော်လမြိုင်မှထွက်ခွာလာသည့် ခရီးသည်(၆၅၇)ဦး လိုက်ပါလာသော အမှတ်(၉၀)အစုန် လူစီးရထားတို့အား တံတားတစ်ဖက်တစ်ချက်တွင်ရပ်တန့်စေကာ ခရီးသည်များအား ရထားကူးပြောင်း လိုက်ပါစေခဲ့ရမှုကြောင့် လမ်းခရီးကြန့်ကြာမှုများဖြစ်ပေါ်ကာ ခရီးသည်များ အခက်အခဲကြုံတွေ့ခဲ့ရကြောင်း သိရှိရသည်။
တံတားမိုင်းဖောက်ခွဲဖျက်ဆီးမှုကြောင့် ၂၇.၁.၂၀၂၃ ရက်နေ့မှစ၍ အဆိုပါလမ်းပိုင်းအတွင်း ပြေးဆွဲလျက်ရှိသည့် အမြန်ရထား(၄)စီး ဖျက်သိမ်းထားရပြီး နေ့စဉ်ရထားစီးခရီးသည် (၂၀၀၀) ကျော်ခန့် အခက်အခဲများစွာကြုံတွေ့နေ့ရကြောင်း သိရှိရသည်။
အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့မှစ၍ ယခုအချိန်အထိ မြန်မာ့မီးရထား၏ ရန်ကုန်-ပဲခူး-မော်လမြိုင် လမ်းပိုင်းအတွင်း ရထားလမ်းများ၊ တံတားများအား ရည်ရွယ်ချက်ရှိရှိဖြင့် တံတားမိုင်းခွဲခံရမှု(၆)ကြိမ်၊ သံလမ်းမိုင်းခွဲခံရမှု (၃)ကြိမ်၊ လက်လုပ်မိုင်းပေါက်ကွဲ/တွေ့ရှိမှု(၇)ကြိမ် စုစုပေါင်း(၁၆)ကြိမ်နှင့် ဘူတာ/ဝန်ထမ်းနေအိမ်များအား မီးရှို့ဖျက်စီးခြင်း(၁)ကြိမ်တို့ကိုလည်းကောင်း၊ မြန်မာ့မီးရထားလမ်းကွန်ယက်တစ်ခုလုံးအနေဖြင့် ရထားလမ်းနှင့် ရထားဘူတာ နယ်မြေများအတွင်း ဗုံးထောင်၊ မိုင်းခွဲဖျက်ဆီးခြင်း(၁၀၇)ကြိမ်၊ ရထားတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း(၃၇)ကြိမ်၊ ဘူတာများအားမီးရှို့ဖျက်ဆီးခြင်း(၁၀)ကြိမ် တို့ကိုလည်းကောင်း ကျူးလွန်ခဲ့ကြကြောင်း သိရှိရသည်။
ယခုကဲ့သို့ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ အများပြည်သူ ခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုအဆင်ပြေချောမွေ့စေရေးအတွက် အဓိကအားထား နေရသည့် ပဲခူး-မော်လမြိုင် ရထားလမ်းပိုင်းတွင် လူစီးရထားများ၊ ကုန်ရထားခရီးစဉ်များ ပြေးဆွဲမှု နှောင့်နှေးကြန့်ကြာစေရေး၊ ခရီးသွားပြည်သူများနှင့် ကုန်စည်များထိခိုက်ဆုံးရှုံးမှု ဖြစ်ပေါ်စေရေးအတွက် ယုတ်မာရက်စက်စွာ အကြိမ်ကြိမ်မိုင်းထောင်ဖောက်ခွဲဖျက်စီးမှု ကျူးလွန်နေကြသည့် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအား ဒေသခံပြည်သူတစ်ရပ်လုံးမှ စက်ဆုပ်ရွံရှာပြီး ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။