နေပြည်တော် ဇန်နဝါရီ ၂၇
လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၏ ရာသီဥတုနှင့်ကောက်ပဲသီးနှံ နှစ်ချုပ်အစီရင်ခံစာစာရင်းအရ ၂၀၂၀ - ၂၀၂၁ ခုနှစ်တွင် စိုက်ပျိုးမြေဧရိယာ စုစုပေါင်းဧက (၃၄ ဒသမ ၃၅၄) သန်းရှိခဲ့ပြီး ၂၀၂၁ - ၂၀၂၂ ခုနှစ်တွင် စိုက်ပျိုးမြေဧရိယာ စုစုပေါင်းဧက (၃၄ ဒသမ ၅၀၃) သန်းရှိသဖြင့် ဧကပေါင်း(၁၄၈၀၀၀)ကျော်ခန့်တိုးလာကြောင်း၊ ယင်းအခြေအနေကောင်းကို ထိန်းသိမ်းထားရန်နှင့် ပိုမိုတိုးတက်လာစေရန် တာဝန်ရှိသူအဆင့်ဆင့်က ဝိုင်းဝန်းကြိုးပမ်းကြရန်လိုကြောင်း ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၈)ကြိမ်မြောက်အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။
ဆက်လက်၍ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရကချမှတ်ပေးထားသည့် မြေယာမူဝါဒများနှင့်အညီ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည့် လယ်မြေများကို အခြားနည်းသုံးစွဲခွင့်ပေးအပ်ခြင်းမပြုရန်နှင့် အထွက်တိုးမျိုးကောင်း မျိုးသန့်စပါးများစိုက်ပျိုးပြီး ဝမ်းစာဖူလုံစေရေးနှင့် ပို့ကုန်တိုးမြှင့်ရေးဆောင်ရွက်ရန်ဖြစ်ကြောင်း၊ မြေကိုထာဝရစွန့်လွှတ်လိုက်ရသော မြေယာပိုင်ရှင်များကို နစ်နာကြေး၊ လျော်ကြေးလျင်မြန်စွာ ထုတ်ပေးနိုင်ခြင်းဖြင့် ပိုင်ရှင်များအတွက် ဥပဒေအရပေးအပ်သော ရပိုင်ခွင့်များ နှောင့်နှေးမှုမရှိဘဲ ခံစားရမည်ဖြစ်သကဲ့သို့ တစ်ဘက်တွင်လည်း နိုင်ငံတော်၏ မြေကြီး မြေပုံစာရင်းဇယားမှန်ကန်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စများ၊ ဒေသတွင်းဖွံ့ဖြိုးရေးဆိုင်ရာ စီမံကိန်းလုပ်ငန်းများအား ကြန့်ကြာမှုမရှိစေဘဲ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဖြစ်၍ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အခြေအနေအရပ်ရပ်ကြောင့် အသုံးပြုထားမှုနှင့် ပတ်ဝန်းကျင်မြေအခြေအနေအရ စိုက်ပျိုးမြေအဖြစ်အသုံးပြုရန်မဖြစ်နိုင်သည့် မြေများရှိနေကြောင်း၊ အချို့သောကိစ္စရပ်များတွင် စာရင်းအရ လယ်ယာမြေဖြစ်နေသော်လည်း မြေပြင်၌ မြို့မြေ၊ ရွာမြေနှင့် အဆောက်အဦများအဖြစ် နှစ်ပေါင်းများစွာအသုံးပြုနေသည့် မြေနေရာများရှိနေကြောင်း၊ အလားတူ ကာယကံရှင်များ၏ မသိနားမလည်မှုနှင့် အကြောင်းတရားအမျိုးမျိုးကြောင့် လယ်ယာမြေအခြားနည်းအသုံးပြုခွင့်ကို တရားဝင်ခွင့်ပြုချက်မရထားသည့် ကိစ္စရပ်များရှိနေခြင်းအပေါ် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ဦးသက်နိုင်ဦးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့်လုပ်ငန်းများအားတင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများက လုပ်ငန်းအကြောင်းအရာတစ်ခုချင်းအလိုက် ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
ယနေ့ကျင်းပသည့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၈)ကြိမ်မြောက်အစည်းအဝေးတွင် ခေတ်ကာလအဆက်ဆက်က နိုင်ငံတော်အကျိုး၊ အများပြည်သူအကျိုးအတွက် နိုင်ငံတော်၏စီမံကိန်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် သိမ်းယူခဲ့သောလယ်ယာမြေများနှင့်စပ်လျဉ်း၍ လယ်ယာမြေပိုင်ရှင် တောင်သူလယ်သမားများနှင့် မြေရှင်များ နစ်နာမှုမရှိစေရန် တည်ဆဲလယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ သက်ဆိုင်ရာဘဏ္ဍာနှစ်အလိုက် လျော်ကြေး၊ နစ်နာကြေးများကို အချိန်မီပေးလျော်နိုင်ရန်ကိစ္စရပ်များ၊ လယ်ယာမြေဥပဒေပုဒ်မ ၃၄ အရ စိုက်ပျိုးမှုတည်ငြိမ်ဖြစ်ထွန်းအောင်မြင်လျက်ရှိသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့်ရမြေကို လယ်ယာမြေအဖြစ် ပြောင်းလဲခွင့်လျှောက်ထားလာသောကိစ္စရပ်၊ ဌာနဆိုင်ရာများမှ လယ်ယာမြေအခြားနည်းအသုံးပြုခွင့်တင်ပြလာသော ကိစ္စရပ်များ၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ညွှန်ကြားချက်များနှင့်အညီ စိစစ်ဆုံးဖြတ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)