နေပြည်တော် ဇန်နဝါရီ ၂၇
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် စက်မှုဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြချီတက်စစ်ကြောင်း၊ ထိုင်ကြည့်စစ်ကြောင်း၊ ပြခန်း၊ ဂုဏ်ပြုယာဉ်တို့တွင် ပါဝင်တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယမန်နေ့ ညပိုင်းတွင် နေပြည်တော်ရှိ Grand Aster Villa Hotel ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီအားဖြည့်ပေးကြသည့် ဝန်ထမ်းများကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အဆင့်အခမ်းအနားနှင့် ထူးမြတ်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ပါဝင်ခွင့်ရသည့်အတွက် ဂုဏ်ယူရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ ဝန်ကြီးဌာန၏ တာဝန်ဝတ္တရားများအပြင် ပြင်ပတာဝန်များကိုပါ ကျေပွန်စွာထမ်းဆောင်နိုင်ကြောင်းကို ပြသနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဌာနမှပေးအပ်ခဲ့သည့် အထူးတာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့သည့်အတွက် ယခုကဲ့သို့ ဂုဏ်ပြုခြင်းဖြစ်ကြောင်း၊ စစ်ရေးပြအခမ်းအနားသည် တစ်ဦးတစ်ယောက်တည်း၏ ကြိုးစားအားထုတ်မှုဖြင့် ဆောင်ရွက်၍မရဘဲ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် ညီညွတ်မှုရှိအောင်နှင့် အမိန့်နာခံမှုအားကောင်းအောင် ဆောင်ရွက်ရသကဲ့သို့ လုပ်ငန်းတာဝန်များကိုလည်း အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် ကျေပွန်အောင် ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် မိသားစုစိတ်ဓာတ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းတာဝန်များထမ်းဆောင်ရာတွင် တွေ့ကြုံရမည့်စိန်ခေါ်မှုများကို စုပေါင်းအားဖြင့် ကျော်လွှားရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ ရပိုင်ခွင့်အခွင့်အရေးများကိုလည်း တတ်အားသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် စက်မှုဝန်ကြီးဌာနကိုယ်စားပြု ဂုဏ်ပြုယာဉ်မှရရှိခဲ့သည့် ဂုဏ်ပြုအထူးဆုဖလားနှင့် ဆုချီးမြှင့်ငွေကျပ် သိန်း (၁၀၀)တို့ကို စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြည်ထောင်စုဝန်ကြီးထံသို့ လွှဲပြောင်းပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ဂုဏ်ပြုယာဉ်၊ ပြခန်းနှင့် စစ်ရေးပြချီတက်စစ်ကြောင်း များတွင်ပါဝင်သည့် ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။
ယင်းနောက် စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် စက်မှုဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြချီတက်စစ်ကြောင်း၊ ထိုင်ကြည့်စစ်ကြောင်း၊ ပြခန်းနှင့် ဂုဏ်ပြုယာဉ်တွင် တာဝန်ထမ်းဆောင် ခဲ့သောဝန်ထမ်းများကို ဂုဏ်ပြုညစာစားပွဲ ကျင်းပပေးခဲ့သည့်အတွက် ကျေးဇူးတင်စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများနှင့် ညစာအတူတကွသုံးဆောင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)