နေပြည်တော် ဇန်နဝါရီ ၂၆
(၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များကို တစ်ဦးချင်းချီးမြှင့်အပ်နှင်းခဲ့သည်။
အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့များအပ်နှင်းခြင်းအခမ်းအနားသို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက်လက်ခံရယူနိုင်မည့် ဘွဲ့ခံပုဂ္ဂိုလ်များအား ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက ဂုဏ်ထူးဆောင်ဘွဲ့များ လက်ခံရယူမည့် ကာယကံရှင်မိသားစုဝင်များထံသို့ သွားရောက်ချီးမြှင့်အပ်နှင်းခဲ့ကြသည်။
ထိုသို့ ချီးမြှင့်အပ်နှင်းရာတွင် ကျန်းမာရေးအရ ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူနေခဲ့သဖြင့် ဘွဲ့လက်ခံရယူနိုင်ခဲ့ခြင်းမရှိသည့် ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ JMC-U အဖွဲ့ဝင် သိက္ခာတော်ရဆရာတော် စောမက်သယူးအေးအား ကျောက်တံတားမြို့နယ်ရှိ မြို့တော်ခန်းမ၌လည်းကောင်း၊ ကျန်းမာရေးအရ အိန္ဒိယနိုင်ငံတွင် ဆေးကုသမှုခံ ယူနေခဲ့သဖြင့် ဘွဲ့လက်မှတ်ရယူနိုင်ခဲ့ခြင်းမရှိသည့် သီရိပျံချီဘွဲ့ရရှိသူ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်နာယက ဦးနန္ဒအား ၎င်း၏နေအိမ်၌လည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့များကို နေအိမ်သို့သွားရောက်၍ လက်ဝယ်အရောက် ချီးမြှင့် အပ်နှင်းခဲ့ကြကြောင်း သတင်းရရှိသည်။