နေပြည်တော် ဇန်နဝါရီ ၂၆
ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် မြန်မာ-တရုတ်နယ်စပ် မူဆယ်-ရွှေလီ ဝင်ထွက် ဂိတ်များအား ၂၀၂၁ ခုနှစ်၊ မတ်လ ၃ဝ ရက်နေ့မှစ၍ ယာယီပိတ်ထားခဲ့ရာ ကုန်သွယ်မှု လုပ်ငန်းများ ပုံမှန်ပြန်လည် ဆောင်ရွက်နိုင်ရန်အတွက် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်မှုလုပ်ငန်းများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၅ နာရီအချိန်မှစတင်၍ ပုံမှန်အတိုင်း ပြန်လည်ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။
နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မူဆယ်(မန့်ဝိန်း) ဝင်ထွက်ဂိတ်မှ ဖြတ်သန်းသွားလာမည့် ကုန်သွယ်မှုယာဉ်များအနေဖြင့် အောက်ပါစည်းကမ်းချက်များနှင့်အညီ ဖြတ်သန်းသွားလာရမည် ဖြစ်ကြောင်းသိရသည်-
(က) (၆) ဘီး ကုန်တင်ယာဉ်များကိုသာ အာဆီယံစံချိန်စံညွှန်းနှင့်အညီ ယာဉ်နှင့်ကုန် စုစုပေါင်း (၁၆) တန်အထိသာ တင်ဆောင်၍ ဝင်ထွက်ရမည်။
(ခ) လယ်ယာထွက်ကုန်၊ သစ်သီးဝလံ၊ ရေထွက်ကုန်ပစ္စည်းများနှင့် သတ္တုတွင်းထွက်များမှ အပ ကျန်ပို့ကုန်ပစ္စည်းများကိုသာ တင်ပို့ခွင့်ပြုမည်။
(ဂ) ဒေသထွက် ကြံတင်ပို့သည့် ယာဉ်များအား (၆) ဘီး ကုန်တင်ယာဉ်ဖြင့် အာဆီယံ စံချိန်စံညွှန်းအတိုင်း ယာဉ်နှင့်ကုန် စုစုပေါင်း (၁၆) တန်အထိသာ မန့်ဝိန်းဝင်ထွက် ဂိတ်မှ တင်ပို့ခွင့်ပြုမည်။
(ဃ) သွင်းကုန်အဖြစ် လူသုံးကုန်၊ စားသောက်ကုန်၊ ဆေးနှင့်ဆေးပစ္စည်းများ၊ လျှပ်စစ် ပစ္စည်းများကိုသာ တင်သွင်းခွင့်ပြုမည်။
( င ) မြန်မာနိုင်ငံဘက်မှ ပို့ကုန်ယာဉ်နှင့်အတူ ယာဉ်မောင်း (၁) ဦးသာ တရုတ်နိုင်ငံဘက်မှ သတ်မှတ်ထားရှိသည့် ကိုဗစ်-၁၉ ရောဂါကင်းစင်ကြောင်း (၄၈) နာရီအတွင်း ဆေး စစ်ချက် အထောက်အထားဖြင့်သာ သွားရောက်ခွင့်ပြုမည်။
(စ) တရုတ်နိုင်ငံဘက်မှ ဝင်ရောက်လာမည့် သွင်းကုန်ယာဉ်နှင့်အတူ ယာဉ်မောင်း (၁) ဦး ကိုသာ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့၌ ထုတ်ပြန်ထားရှိသည့် မြန်မာ-တရုတ်နယ်စပ် ဝင်ထွက်ဂိတ်များမှတစ်ဆင့် မြန်မာ နိုင်ငံသို့ ဝင်ရောက်မည့် ခရီးသွားများအတွက် ပြည်သူ့ကျန်းမာရေးဆိုင်ရာ သတ်မှတ် ချက် များနှင့်အညီ စစ်ဆေးဝင်ရောက်ခွင့်ပြုမည်။
(ဆ) မန့်ဝိန်း ဝင်ထွက်ဂိတ်မှ တင်ပို့/တင်သွင်းမည့် ယာဉ်များအနေဖြင့် အကောက်ခွန် ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးမှုခံယူပြီးမှသာ ဝင်ထွက်ခွင့်ပြုမည်။
ထို့အပြင် ကျိန်စန်းကျော့ ဝင်ထွက်ဂိတ်မှ ကုန်ပစ္စည်း တင်ပို့၊ တင်သွင်းခြင်းကို လက်ရှိအတိုင်း ဆက်လက်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ မူဆယ်မြို့အတွင်းသို့ (၆) ဘီး ကုန်တင် ယာဉ်များသာ ဝင်ထွက်ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ကျိန်စန်းကျော့လမ်းခွဲ ကျောက်တိုင်ကျော်လွန်၍ မူဆယ်ဘက်သို့ (၈) ဘီးယာဉ်နှင့်အထက် ကုန်တင်ယာဉ်များ ဝင်ထွက်ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။
R&D