နေပြည်တော် ဇန်နဝါရီ ၂၅
တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများ ပါဝင်ဖွဲ့စည်းထားသည့် ဘင်္ဂလားပင်လယ်အော်ဒေသ စီးပွားရေးနှင့်နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ အစည်း Bay of Bengal Initiative for Multi- Sectoral Technical and Economic Cooperation (BIMSTEC) ဘင်းမ်စတက်နိုင်ငံများတွင် စားနပ်ရိက္ခာ ဖူလုံမှုရှိစေရေးနှင့်စားနပ်ရိက္ခာစနစ် ရေရှည်တည်တံ့ စေရေးဆိုင်ရာ ဒေသတွင်းဆွေးနွေးပွဲ (“Regional Seminar on Food Security and Sustainable Food Systems in BIMSTEC") ကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်ဦးဆောင်၍ ယနေ့နံနက် ၉ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ဘင်းမ်စတက် အထွေထွေအတွင်းရေးမှူးချုပ် Mr.Tenzil Lekphell နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘူတန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ နီပေါနိုင်ငံ၊ ထိုင်းနိုင်ငံနှင့်သီရိလင်္ကာနိုင်ငံတို့မှ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များနှင့်အတူ မြန်မာနိုင်ငံစီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင် ဘင်းမ်စတက်အထွေထွေ အတွင်းရေးမှူးချုပ် Mr.TenzilLekphell နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းက ကိုဗစ်-၁၉ ကပ်ရောဂါအပါအဝင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် စိန်ခေါ်မှုများအပေါ် ကြံ့ကြံ့ခံကျော်လွှားပြီး ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာဖူလုံရေးကို အထောက်အကူပြုနိုင်ခဲ့ပါကြောင်း၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးမှုသာမက စားနပ်ရိက္ခာဖူလုံမှုနှင့် ဆက်စပ်လျက်ရှိသည့်အာဟာရချို့တဲ့မှု၊ နာတာရှည်ရောဂါ၊ ဆင်းရဲနွမ်းပါးမှု၊ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုနှင့် ရာသီဥတုပြောင်းလဲမှုစသည့် ကမ္ဘာလုံးဆိုင်ရာပြဿနာရပ်များ လက်ရှိကြုံတွေ့နေရသော စိန်ခေါ် မှုများအား တုံ့ပြန်နိုင်မှုရှိသည့် မူဝါဒပိုင်းဆိုင်ရာနှင့် စီမံကိန်းများကို အဓိကထားဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း၊ လွတ်လပ်သောကုန်သွယ်မှုကို ဖော်ဆောင်ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဖော်ဆောင်ရန် လိုအပ်ပါကြောင်း၊ လွတ်လပ်သော ကုန်သွယ်မှုမှ တောင်သူလယ်သမားများ အကျိုးအမြတ်ရရှိစေရန် နိုင်ငံအသီးသီးရှိ အစိုးရများအနေဖြင့် အခြေခံအဆောက်အဦများ၊ သုတေသနလုပ်ငန်းများနှင့် ပညာပေးလုပ်ငန်းများ တွင် ရင်းနှီးမြှုပ်နှံမှုပြုခြင်း၊ ဈေးကွက်သေချာမှု ရှိစေရေးအတွက် ကြားဝင် ဆောင်ရွက်ပေးခြင်း၊ ရသီဥတုပြောင်းလဲမှုအပေါ် ကြံ့ကြံ့ခံနိုင်ရေးအတွက် ကူညီထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဒုတိယအကြိမ် ဘင်းမ်စတက်ဝန်ကြီးအဆင့် အစည်းအဝေး၌အတည်ပြုခဲ့သော ဘင်းမ်စတက် စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာလာစေရေး လုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၇) တွင်ပါရှိသည့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များအနက် “စားနပ် ရိက္ခာဖူလုံရေးနှင့်အာဟာရဖူလုံမှု ဖွံ့ဖြိုးတိုးတက်ရေး”အတွက် ဘင်းမ်စတက် ဒေသတွင်းရှိ တောင်သူများ၏ ထုတ်လုပ်မှုစွမ်းအား တိုးမြင့်လာစေရေးအတွက် အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဘင်းမ်စတက်အထွေထွေ အတွင်းရေးမှူးချုပ်Mr.Tenzil Lekphell က အဖွဲ့ဝင်နိုင်ငံများအကြား စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန်အတွက် ဘင်းမ်စတက်စိုက်ပျိုးရေးဝန်ကြီးများ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင်တွေ့ဆုံခဲ့ပြီး ဘင်းမ်စတက်စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် လုပ်ငန်းအစီအစဉ်ကို ချမှတ်ခဲ့ပါကြောင်း၊ ယင်းလုပ်ငန်းအစီအစဉ်တွင် စားနပ်ရိက္ခာဖူလုံရေး၊ စားနပ်ရိက္ခာလုံခြုံမှုရှိစေရေး၊ ကျေးလက်ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့်ရာသီဥတုဒဏ်ကို ကြံ့ကြံ့ခံနိုင်ရည်ရှိစေရေး ရည်ရွယ်ချက်ဖြင့် ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်ငါးခုတွင် လုပ်ငန်းအစီအစဉ် ၁၇ ခုကို ဖော်ပြထားပါကြောင်း၊ ယနေ့ကျင်းပသော ဆွေးနွေးပွဲသည် ဤလုပ်ငန်းအစီအစဉ်အသစ် အရအကောင်အထည်ဖော်စဉ်များထဲမှ တစ်ခုဖြစ်ပြီးလျက်ရှိသော ပထမဆုံးလုပ်ငန်းလုပ်ငန်း အစီအစဉ် (Plan ofအားAction) ကို စတင်အကောင်အထည်ဖော်ခဲ့သည့် မြန်မာနိုင်ငံအား ထပ်မံချီးကျူးလိုပါကြောင်း၊ ယနေ့ ဆွေးနွေးပွဲသည် ကိုဗစ်-၁၉ ကပ်ရောဂါမှ ပြန်လည်ကောင်းမွန် လာချိန်တွင် ကျင်းပခြင်းဖြစ်သည့်အတွက် အဖွဲ့ဝင်နိုင်ငံများရှိတက်ရောက်လာသူများက အမြင်ချင်းဖလှယ်ခြင်း၊ ကျွမ်းကျင်မှု နှင့်သတင်းအချက်အလက်များကိုမျှဝေကြပြီး ဘင်းမ်စတက် ဒေသရှိစားနပ်ရိက္ခာဖူလုံမှုနှင့် ရေရှည်တည်တံ့သော စားနပ်ရိက္ခာစနစ်ဆိုင်ရာ စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်မည့် မူဝါဒဆိုင်ရာအကြံပြုချက်များကို ဆွေးနွေးနိုင် မည်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ဆွေးနွေးပွဲတွင် ဘင်းမ်စတက် နိုင်ငံများရှိထိခိုက်လွယ်သော၊ ရုတ်တရက်ဖြစ်ပေါ်လာသော အကြောင်းအရာများနှင့် ဖိအားများအပေါ် ကြံ့ကြံ့ခံနိုင်စွမ်းရှိသည့် စားနပ်ရိက္ခာစနစ်များ တည်ထောင်ရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံအသီးသီးရှိ စားနပ်ရိက္ခာဖူလုံမှု တိုးမြင့်စေရေးအတွက် လက်ရှိဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက် သင့်သောလုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းကြပြီး ဘင်းမ်စတက်ဒေသတစ်ခုလုံး စားနပ်ရိက္ခာဖူလုံမှုရှိစေရေးနှင့် စားနပ်ရိက္ခာစနစ်ရေရှည်တည်တံ့စေရေးဆိုင်ရာ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးအတည်ပြုခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်