ပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်စေရန်အတွက် နေ့စဉ်ဝယ်ယူစားသောက် သည့်အစားအစာများ ဘေးကင်းလုံခြုံရေးသည် အရေးကြီးသောအချက်ဖြစ်သည်။ ထိုအချက်ကို အပြည့်အဝ ဖော်ဆောင်နိုင်ရန်အတွက် စားသုံးသူ၊ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသူ၊ စစ်ဆေးသူ ကဏ္ဍသုံးခုတို့ စနစ်တကျဟန်ချက်ညီစွာဆောင်ရွက် နိုင်ရန်လိုအပ်ပေသည်။ စားသုံးသူပြည်သူများအနေဖြင့် အစားအစာများကို နှစ်သက်ရာ၊ သင့်လျော်ရာတို့ကိုသာ အလျဉ်းသင့်သလို ရွေးချယ်စားသုံးလေ့ ရှိကြသည်။
စားသုံးသူများအနေဖြင့် မိမိတို့ဝယ်ယူစားသုံးသည့် အစားအစာများအပေါ်တွင် နှစ်သက်မှုမရှိပါက မေးခွန်းထုတ်ခြင်း၊ အခွင့်အရေးယူခြင်းမရှိပေ။ မနှစ်သက်လျှင် မစားသုံးသည့်သဘောသာရှိသည်။ အမှန်တကယ်တွင် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအစာများကို ရွေးချယ်ဝယ်ယူစားသုံးတတ်သည့် အလေ့အထရှိရန် လိုအပ်ပေသည်။ မြန်မာနိုင်ငံတွင် စားသုံးသူအခွင့်အရေးများနှင့်တာဝန်များကို ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးမှုများလိုအပ်သည်။ စားသုံးသူများနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးလုပ်ငန်းတို့ကို ဖွဲ့စည်းထားပြီး စားသုံးသူများ၏ လိုအပ်ချက်နှင့် အခွင့်အရေးများ အပြည့်အဝရရှိစေရန် အခွင့်အရေးနှင့်တာဝန်များကို တိတိကျကျ ရေးဆွဲထားသည်။
ကမ္ဘာ့ကုလသမဂ္ဂ၏ လမ်းညွှန်ချက်များတွင်လည်း ကုန်စည်နှင့်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများအား စိတ်ကြိုက်ရွေးချယ်နိုင်ခွင့်ရရှိစေရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာ ဆုံးရှုံးမှုများနှင့်စပ်လျဉ်း၍ ပါဝင်ကြားနာခွင့်ရရှိစေရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ နှင့်စပ်လျဉ်း၍ စားသုံးသူ၏အခြေခံလိုအပ်ချက်များပေါ်တွင် စိတ်ကျေနပ်မှုရရှိစေရန်၊ ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် ဖြစ်ပေါ်သော ဆုံးရှုံးနစ်နာမှုများနှင့် စပ်လျဉ်း၍ ကုစားခွင့်ရရှိစေရန်၊ အသိပညာများ၊ အခွင့်အရေးနှင့် သတင်းအချက် အလက်များကို သိရှိလေ့လာခွင့်ရရှိစေရန်၊ ကျန်းမာဝပြောသည့် ပတ်ဝန်းကျင် ကောင်းတွင် ရှင်သန်နေထိုင်ခွင့်ရရှိစေရန် စသည့်အချက်များကို ပြဋ္ဌာန်းထားသည်။
စားသုံးသူများအနေဖြင့် အဆိုပါအခြေခံအခွင့်အရေးများအပြင် တာဝန်များလည်းရှိသည်။ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီ ပေးချေခြင်း၊ စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန်ရည်ရွယ်၍ မဟုတ်မမှန် စွပ်စွဲပြောဆိုမှုတို့ကို ရှောင်ကြဉ်ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေး နည်းလမ်းများဖြင့်ဖြစ်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက် နစ်နာစေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ရန် ပြဋ္ဌာန်းထားသည်။ စားသုံးသူရေးရာကိစ္စများနှင့်ပတ်သက်၍ ရောင်းသူ၊ ဝယ်သူ၊ ထုတ်လုပ်သူနှင့်သက်ဆိုင်ရာအဖွဲ့တို့တွင် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်း ဥပဒေများ အသီးသီးရှိသည်။
မြန်မာနိုင်ငံတွင် ပြည်သူလူထု နေ့စဉ်စားသုံးမှု အဆင်ပြေစေရန်နှင့် သက်သာ သောဈေးနှုန်းများဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေးသည် ဦးစားပေးအချက်ဖြစ်သည်။ အစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေးတွင် စတင်စိုက်ပျိုး၊ ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချမှုများသည် အခြေခံကျသည့်အချက်ဖြစ်သည်။ ဥပမာအားဖြင့် ဆိုးဆေးနှင့်ကြာရှည်ခံပစ္စည်းများ သုံးစွဲမှုများကို စတင်ထုတ်လုပ်စဉ်ကတည်းက စနစ်တကျကြပ်မတ်စစ်ဆေးရန်လိုအပ်သည်။ စည်ပင်သာယာရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းစဉ်များတွင်လည်း ရောဂါကာကွယ်ခြင်းနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကာကွယ်ခြင်းဟူသည့် အချက်များပါရှိသည်။ ပြည်သူလူထု ကျန်းမာရေးထိခိုက်မှုမရှိစေရေးအတွက် နေ့စဉ်ဝယ်ယူစားသုံးသည့် အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းစေရေးကို ထိရောက်စွာစစ်ဆေးနိုင်ရန်နှင့် စည်းကမ်းဖောက်ဖျက်ပါက အရေးယူဆောင်ရွက်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ပြည်သူများအနေဖြင့် စားသုံးသူရေးရာဆိုင်ရာကိစ္စများနှင့် ပတ်သက်သည့် အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်လာရန် လေ့လာထားကြရမည် ဖြစ်သည်။ စားသောက်ထုတ်လုပ်ဖြန့်ဖြူးရေးသာမက အများပြည်သူနှင့်သက်ဆိုင်ရာ ဥပဒေစည်းမျဉ်းစည်းကမ်းများနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည်တို့နှင့်စပ်လျဉ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ “ဥပဒေမဲ့ ဆောင်ရွက်နေမှုများအား ပြောဆိုသတိပေးရမည်များကို ဆောင်ရွက်ရန်ပျက်ကွက်ခဲ့ပါက နောင်တစ်ချိန်တွင် ဒေသနှင့်တိုင်းပြည်အကျိုးစီးပွားကို ကြီးမားစွာသက်ရောက်စေနိုင်ကြောင်း” လမ်းညွှန်ချက်ကို အလေးထားဆောင်ရွက်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် ဥပဒေနှင့်မညီညွတ်သည့် အစားအစာ၊ စားသောက်ကုန်များ ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများကိုသာမက ပြည်သူလူထုကို ထိခိုက်စေနိုင်သည့် စည်းကမ်းဥပဒေနှင့် မညီညွတ်သည့် မည်သည့်လုပ်ဆောင်မှုများကိုမဆို ကျယ်ကျယ်ပြန့်ပြန့် ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်သွားခြင်းအားဖြင့် တိုင်းပြည်နှင့်လူမျိုး၏အနာဂတ် ပိုမိုကောင်းမွန်လာမည် ဖြစ်ပါကြောင်း။ ။
ကြေးမုံအယ်ဒီတာ့အာဘော်