ရန်ကုန် ဇန်နဝါရီ ၂၅
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်း အောင်မြင့်သည် ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများအား ယနေ့နံနက် (၉)နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်း သားကျေးရွာ(ရန်ကုန်)၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအဖွဲ့ကိုယ်စား ဦးမိုးမင်းဦး(ခ) ဦးရွှေသွေးနှင့် Mr. HATANO HiROSHI တို့က ဂျပန်-မြန်မာ ချစ်ကြည်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဂျပန်-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ် ဆာကူရာပန်း စိုက်ပျိုးပွဲကျင်းပခြင်း အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံသည် ယခင်ကတည်းက ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့ပြီးဖြစ်၍ ဆက်လက်ပြီး ပိုမိုကောင်းမွန်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ တိုင်းရင်းသားဒေသများတွင် ဖွံ့ဖြိုးတိုးတက်မှု နည်းပါးနေသဖြင့် တိုင်းရင်းသားလူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဖြင့် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ရာ ထိုင်းနိုင်ငံ၏ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းထားရှိသည့် ကောင်းမွန်သောစနစ်ကို မြင်တွေ့ ခဲ့ရကြောင်း၊ မည်သည့်နိုင်ငံမဆို ငြိမ်းချမ်းရေးသည် လွန်စွာအရေးကြီးကြောင်း၊ တိုင်းသူပြည်သားများ စည်းလုံးမှ ငြိမ်းချမ်းမည်၊ ငြိမ်းချမ်းမှ နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်မည် ဖြစ်ကြောင်း၊ အရောင်အသွေးမရှိ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲမထားဘဲ မိမိတို့နိုင်ငံ မိမိတို့လူမျိုးအတွက် ကြိုးစားဆောင်ရွက်ပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ မြန်မာ-ဂျပန် ချစ်ကြည်ရေးဆိုသည်မှာလည်း မေတ္တာတရားပင်ဖြစ်ကြောင်း၊ ဆာကူရာပန်းကို မေတ္တာနှင့်စိုက်ပျိုးခြင်းဖြင့် မေတ္တာပွားများပြီး ငြိမ်းချမ်းကြပါစေကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်း သားရေးရာဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအဖွဲ့ ကိုယ်စားလှယ်များသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်းရှိ နန်းမြင့်မျှော်စင်အနီးတွင် ဆာကူရာ ပန်းပင်များစိုက်ပျိုးပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု အကအလှများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်)အတွင်း ဆိပ်ခံဗောတံတား တည်ဆောက်ပြီးစီးမှုနှင့် Pontoon ပြုပြင်တည်ဆောက်ပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)