Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ထိုင်းနိုင်ငံလူမှုဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဝန်ကြီးအား သွားရောက်တွေ့ဆုံ

နေပြည်တော် ဇန်နဝါရီ ၂၄

တိုင်းရင်းသားရေးရာယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ် (ဒုတိယအကြိမ်)ဖြင့် ထိုင်းနိုင်ငံ၌ ရောက်ရှိနေသော တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်သည် ထိုင်းနိုင်ငံ လူမှုဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Chuti Krairiksh အား ယနေ့ ဒေသစံတော်ချိန်မွန်းလွဲ ၃ နာရီတွင် သွားရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် ထိုင်း-မြန်မာ နှစ်နိုင်ငံရှိရင်းစွဲဆက်ဆံရေးနှင့် မိတ်ဖက်ဆက်ဆံရေးပိုမိုကောင်းမွန်စေရန် ဆောင်ရွက်သွားရေး၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများဖလှယ်ရေး၊ တိုင်းရင်းသားလူမျိုးများ အပြန်အလှန်အကျိုးကျေးဇူးရရှိစေရေး နှစ်နိုင်ငံဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးနှင့် မဲခေါင်-လန်ချန်းဒေသတွင်း နိုင်ငံများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြု၍ သာယာဝပြောရေးတိုးမြှင့်နိုင်မည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကို၊ တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချစ်ဆွေနှင့် သံမှူးကြီး ဦးမော်ဗလ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ကြပြီး ထိုင်းနိုင်ငံလူမှုဘဝလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများလည်း တက်ရောက်ကြသည်။

သတင်းစဉ်