Skip to main content

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်နှင့် ဟိုပုံးမြို့နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ကြီး ဇန်နဝါရီ ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်နှင့် ဟိုပုံးမြို့နယ်တို့၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (၂၀၂၃ ခုနှစ်) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် တောင်ကြီးမြို့ရှိ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

ဦးစွာ အခြေခံပညာ ကျောင်းသား ကျောင်းသူများက လူတိုင်းအတွက်ပညာရေးကိုယ်စားပြု “ဝထကလသ” တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုဖွင့်လှစ်သည်။

ရက် ၄၀ တိုင် ဆောင်ရွက်သွားမည်

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့သည် ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို တောင်ကြီးမြို့နယ်၊ ကလောမြို့နယ်နှင့် ဟိုပုံးမြို့နယ်များတွင် ဇန်နဝါရီ ၂၂ ရက်မှစ၍ ရက် ၄၀ တိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်၍ ပြည်နယ်အတွက် ဝမ်းမြောက်ဂုဏ်ယူရသည့်နေ့ဖြစ်ပါကြောင်း။

အဆိုပါ စာတတ်မြောက်ရေးလုပ်ငန်းများ၏ အောင်မြင်မှုရလဒ်များအဖြစ် ကုလသမဂ္ဂလက်အောက်ခံယူနက်စကိုအဖွဲ့ကြီးကချီးမြှင့်သည့် မိုဟာမက်ရီဇာပါလာဗီဆုကို ၁၉၇၁ ခုနှစ်နှင့် နိုမာဆုတို့ကို ၁၉၈၃ ခုနှစ်များတွင် ရရှိခဲ့သည့်အတွက် ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံသည် ဂုဏ်တင့်တယ်ခဲ့ပါကြောင်း

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၅ ခုနှစ် ကိုရီးယားသမ္မတနိုင်ငံ အင်ချွန်းမြို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ ပညာရေးဝန်ကြီးများ ညီလာခံကထုတ်ပြန်ထားသည့် အင်ချွန်းကြေညာစာတမ်းပါ “သက္ကရာဇ် ၂၀၃၀ ပြည့် နှစ်အရောက်တွင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူငယ်များနှင့်အရွယ်ရောက်ပြီးသူ အမျိုးသားများနှင့် အမျိုးသမီးများအားလုံး အရေး၊ အဖတ်နှင့်အတွက်အချက် တတ်မြောက်စေရေး”ဟူသော ဘုံရည်မှန်းချက် ပန်းတိုင်ပြည့်မီအောင် မြန်မာနိုင်ငံတွင် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းများရေးဆွဲ၍ နှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။

နိုင်ငံတော်အနေဖြင့် ကျောင်းသင်ပညာရေးကို အားပေးသလို ကျောင်းပြင်ပပညာရေးကိုလည်း ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်သွားရန်နှင့် “စာမတတ်သူပပျောက်ရေးမှသည် စာမဖတ်သူပပျောက်ရေး”ကို ဆောင်ရွက်သွားရန်အတွက် စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော်ဝန်ကြီးချုပ်က မိန့်ကြားထားခဲ့ပြီးဖြစ်ပါကြောင်း။

အထူးပင်ကျေးဇူးတင်

ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်သုံးခုတွင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ပူးပေါင်းညှိနှိုင်းစီမံဆောင်ရွက်ပေးသည့် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်ကဖွဲ့စည်းပေးထားသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်/ကျေးစာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာများနှင့်ရပ်မိရပ်ဖများကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် ရှမ်းပြည်နယ် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ နာယက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အမှာစကားပြောကြားသည်။

ဆက်လက်၍ အခြေခံပညာကျောင်းသား ကျောင်းသူများက “စာတတ်မြောက်ရေး ဝိုင်းကူပေး” တေးသီချင်းဖြင့် သီဆိုဂုဏ်ပြုကြသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက စာတတ်မြောက်ရေးနှင့် ကျောင်းပြင်ပပညာရေးလုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က တေးသီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေခဲ့ကြသည့် အခြေခံပညာ ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်များကို ဂုဏ်ပြုဆုငွေများပေးအပ်ကြပြီး ခင်းကျင်းပြသထားသောပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ဟိုပုံးမြို့နယ် အထက(ခွဲ)၊ ပေါင်လင်းစက်မှုနှင့် စိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်းတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ချင်းကုန်းစာတတ်မြောက်ရေးစာသင်ဝိုင်းနှင့် တောင်ကြီးမြို့ ကျောက်တစ်လုံးကြီး မြို့နယ်ခွဲ ဒုံအုံးစာတတ်မြောက်ရေးစာသင်ဝိုင်းများသို့ သွားရောက်၍ စာတတ်မြောက်ရေးသင်ကြားသင်ယူနေမှုများကို ကြည့်ရှုအားပေးကာ စာသင်သားများနှင့် နည်းပြများကို စာတတ်မြောက်ရေးထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများ၊ ကျောင်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်