Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သင်ခန်းစာပို့ချမှု အစီအစဉ်များဆောင်ရွက်

နေပြည်တော် ဇန်နဝါရီ ၂၄

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ ယနေ့တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၌ ဖွဲ့စည်းထားရှိသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU) ကို အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချသည်။

သင်တန်းတွင်ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေက တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင် CPU အဖွဲ့များဖွဲ့စည်းပြီးဖြစ်၍ PFP အစီအစဉ်ကို ဆောင်ရွက်ရန်နည်းပညာပိုင်းဆိုင်ရာ သင်တန်းပေးခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှုကြောင့် အရေးယူခံရပါက ရာထူး၊ ဂုဏ်သိက္ခာ၊ မိသားစုများပါထိခိုက်နိုင်သည့်အတွက် CPU အဖွဲ့များအနေဖြင့် ထိန်းကျောင်းပေးနိုင်ကြောင်း၊ ကျင့်ဝတ်များကို သိရှိပါက မိမိကိုယ်မိမိ ထိန်းကျောင်းနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဦးဝင်းတည်က အမှာစကားပြောကြားသည်။

ယင်းနောက် နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှညွှန်ကြားရေးမှူးက CPU ၏ လုပ်ငန်းတာဝန်များ၊ တည်မြဲလုပ်ထုံးလုပ်နည်း၊ လုပ်ငန်းလမ်းညွှန်ရေးဆွဲခြင်း၊ အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှုဆန်းစစ်လေ့လာခြင်း၊ အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ်တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး PFP အသုံးပြုဆောင်ရွက်နိုင်ရေး လက်တွေ့လေ့ကျင့်ဆောင်ရွက်ကာ အပြန်အလှန်ဆွေးနွေးကြသည်။

အလားတူ ကော်မရှင်ရုံးခွဲ(ရန်ကုန်)မှ ဒုတိယညွှန်ကြားရေးမှူးများက ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ အလုပ်သမားဝန်ကြီးဌာနက ဖွင့်လှစ်သည့် အရာထမ်းများ လုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ်(၁/၂၀၂၃)၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးသင်ခန်းစာများ ဆွေးနွေးခဲ့ကြောင်းနှင့် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေး အစီအစဉ်အရလမ်းမတော်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများကို ကော်မရှင်မှထုတ်ဝေဖြန့်ချိခဲ့သည့် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေးအစီအစဉ်(ဆရာကိုင်)စာအုပ်များမှ သင်ခန်းစာများကို အသိပညာပေးဆွေးနွေးပို့ချခဲ့ကြောင်း သိရသည်။

သတင်းစဉ်