Skip to main content

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ အစည်းအဝေးကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၄

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရုံးအမှတ်(၅၅)တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့၏ တစ်ပတ်လျှင် နှစ်ကြိမ်ပြုလုပ်သည့် ပုံမှန်အစည်းအဝေးတွင်လုပ်ငန်းအဖွဲ့၏ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက အဖွင့်အမှာစကားပြောကြားသည်။

အစည်းအဝေးတွင် ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၆ ရက်က ကျင်းပပြုလုပ်ခဲ့သည့် အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့ (Asia-Pacific Joint Group- APJG) ၏ မျက်နှာစုံညီအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်နှင့်အဖွဲ့ဝင်များက မျက်နှာစုံညီ အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ တိုးတက်မှုအစီရင်ခံစာနှင့်စပ်လျဉ်း၍ အကဲဖြတ်သူများ၏ မေးခွန်းများအပေါ် မြန်မာအဖွဲ့က ပြန်လည်ဖြေကြားချက်များကို ရှင်းလင်းတင်ပြကြရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့်အချက်များကို ပြန်လည်ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG)သို့ မြန်မာနိုင်ငံ၏ အကဲဖြတ်ချက်အစီရင်ခံစာပါစံနှုန်းနိမ့်သည့် အကြံပြုချက်များအတွက် စံနှုန်းတိုးမြှင့်တောင်းခံမည့် နည်းပညာပိုင်းဆိုင်ရာ လိုက်နာမှုအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ လိုအပ်သည့်ညွှန်ကြားချက်များကို သတ်မှတ်ရက်တွင် ထည့်သွင်းပေးပို့နိုင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာလင်းအောင်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့်သက်ဆိုင်သည့် ကိစ္စရပ်များကိုလည်းကောင်း၊ လုပ်ငန်းအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များက အကောင်အထည်ဖော်ရမည့် သက်ဆိုင်ရာဌာနအလိုက် ဆက်လက်ဆောင်ရွက်ရမည့်အချက်များကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

အစည်းအဝေးသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ သစ်တောဦးစီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (နိုင်ငံ ဖြတ်ကျော်မှုခင်းဌာနကြီး)၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (မှုခင်းနှင့်ဥပဒေရေးရာဌာနကြီး)၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်