နေပြည်တော် ဇန်နဝါရီ ၂၄
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ၏(၁/၂၀၂၃)ကြိမ်မြောက်အစည်းအဝေးကို ဇန်နဝါရီ ၂၀ ရက်နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၄၀၀ ဘီလီယံမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ငွေကျပ် ၂၃၀ ဘီလီယံ၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သို့ ငွေကျပ် ၁၀ ဘီလီယံစီ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့သို့ ငွေကျပ် ၈ ဘီလီယံစီနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ခြောက်ခုတို့သို့ ငွေကျပ် ၅ ဘီလီယံစီဖြင့် စုစုပေါင်းရန်ပုံငွေငွေကျပ် ဘီလီယံ ၃၃၀ ကို မတည်ထောက်ပံ့ငွေပေးအပ်ခဲ့ပြီးဖြစ်ကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများအား ဒေသတစ်ခုလုံး စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားပြန်လည်မြှင့်တင်နိုင်ရေးအတွက်ရည်ရွယ်၍ ထုတ်ပေးခြင်းဖြစ်ရာ သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ရန်ပုံငွေအားလုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျထုတ်ပေးခြင်း၊ ပြန်လည်ကောက်ခံခြင်းတို့ကို ကြပ်မတ်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း။
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှမတည်ထောက်ပံ့ငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦး သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဝင်တစ်ဦး ဦးဆောင်သော ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ရန်၊ မတည်ထောက်ပံ့ငွေမှ ချေးငွေထုတ်ချေးနိုင်ရေးစီမံချက်ရေးဆွဲ၍ သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့တို့သို့ တင်ပြအတည်ပြုချက်ရယူရန်၊ အတည်ပြုထားသော ချေးငွေထုတ်ချေးရေးစီမံချက်ကို ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီသို့ တင်ပြရန်လိုအပ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ကြရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဆိုင်ရာ စည်းမျဉ်း၊ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီအနေဖြင့် ချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်းပြီး ချေးငွေထုတ်ချေးမှုအခြေအနေများကို စိစစ်ကြီးကြပ်နိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများသို့ စေလွှတ်သွားမည်ဖြစ်ကြောင်း။
သို့ဖြစ်ရာ ရန်ပုံငွေမှထုတ်ပေးထားသည့် အရင်းမပျောက်မတည်ငွေများကို မပျောက်ပျက်စေဘဲတိုးပွားလာစေရန် သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်က ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဝင်များဖြစ်ကြသော ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီးများနှင့် ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရာကော်မတီဥက္ကဋ္ဌက ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်