နေပြည်တော် ဇန်နဝါရီ ၂၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် ရှမ်းပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့် တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ ၃ နာရီတွင် တောင်ကြီးမြို့ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းရှိ စိန်မြင့်မိုရ်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများအနေဖြင့် မိမိတို့တာဝန်ထမ်းဆောင်ရာ ရှမ်းပြည်နယ်တွင် ပညာတတ်များပေါများလာစေရေးအတွက် ကျောင်းသားကျောင်းသူများကို စေတနာထား၍ သင်ကြားပြုစုပျိုးထောင်ပေးကြစေလိုပါကြောင်း၊ ပညာတတ်များ ပေါများစေ ရေးအတွက် ကျောင်းသားမိဘများတွင် တာဝန်ရှိသလို ဆရာ ဆရာမများတွင်လည်း တာဝန်ရှိပါကြောင်း၊ ပညာတတ်ရုံသာမက နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များရှိအောင်၊ ယဉ်ကျေး လိမ္မာအောင်၊ ဆရာမိဘများအပေါ် ဂါရဝတရားထားရှိတတ်အောင် သင်ကြားပေးကြစေလိုပါ ကြောင်း၊ ကိုယ့်တာဝန် ကိုကျေအောင် ကြိုးစားဆောင်ရွက်ကြပြီး ပညာရေးမိသားစုအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပညာရေးလုပ်ငန်းများကို လက်တွဲဆောင်ရွက်ကြစေလိုပါကြောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်သည် ကြီးမားကျယ်ပြန့်ပါကြောင်း၊ ပြည်နယ်အတွင်းနေထိုင်ကြသည့်လူမျိုးစု (၃၃)စု၏ မျိုးဆက်သစ် သားသမီးများ ပညာတတ်များဖြစ်အောင် ဆရာ ဆရာမများအားလုံး ဝိုင်းဝန်းလက်တွဲ၍ ပြုစုပျိုးထောင်သင်ကြားပေး ကြစေလိုပါကြောင်း၊ အခြေခံပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ ပညာရေးလုပ်ငန်းများ မြန်မြန်ဆန်ဆန်ပြီးမြောက်အောင် ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇော်ဝင်းက အခြေခံပညာဖွံ့ဖြိုး တိုးတက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသည့် ဆရာဆရာမများက သိရှိလိုသည်များနှင့် လိုအပ်ချက်များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့ ပြန်လည်ဆွေးနွေး၍ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရှမ်းပြည်နယ်ပညာရေးမှူးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကလော မြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ တည်ဆောက်ပြီးစီးသည့် ကျောင်းဘောလုံးကွင်းကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် အေးသာယာမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် တည်ဆောက်လျက်ရှိသည့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း တည်ဆောက်မှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးတက္ကသိုလ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး အဆိုပါတက္ကသိုလ်ရှိ သုတေသနကျင့်ဝတ်ကော်မတီ ခန်းမ(ERC)တွင် မြန်မာနိုင်ငံ မြိတ်တက္ကသိုလ်၊ ဂျပန်နိုင်ငံမှ ဟီရိုရှီးမားတက္ကသိုလ်နှင့်JIRCAS တို့အကြား မြိတ်ကမ်းရိုးတန်းဒေသရှိ ကမာမွေးမြူရေး သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖွင့်ပွဲအခမ်းအနားကို အွန်လိုင်းစနစ်ဖြင့် တက်ရောက်အဖွင့်အမှာစကားပြောကြားသည်။
ယင်းနောက် မြိတ်တက္ကသိုလ်ပါမောက္ခချုပ်က ကျေးဇူးတင်စကားပြောကြား၍ မှတ်တမ်း တင်ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်၍ မြိတ်တက္ကသိုလ်တွင် အသစ်ခန့်အပ်သောနည်းပြ၊ သရုပ်ပြ(၁၀၃)ဦး အတွက်ဖွင့်လှစ်သည့် အင်္ဂလိပ်စာအထူးမွမ်းမံ သင်တန်းဖွင့်ပွဲအခမ်းအနားကို သီးခြားကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က အွန်လိုင်းစနစ်ဖြင့် တက်ရောက် အဖွင့်အမှာစကားပြောကြားပြီး အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။
သတင်းစဉ်