နေပြည်တော် ဇန်နဝါရီ ၂၃
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရှိ အရာထမ်းနှင့်အမှုထမ်း ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ရုံးအမှတ်(၁) ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မိမိတို့ဝန်ကြီးဌာနသည် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် စီးပွားရေးဦးတည်ချက်(၃)ရပ်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနရှိအရာထမ်း၊ အမှုထမ်းများအနေဖြင့် လက်ရှိအသုံးပြုနေသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေ(၂၀၁၆)နှင့် နည်းဥပဒေများကို သေချာစွာ နားလည် သဘောပေါက်ရန် လိုအပ်သကဲ့သို့ နိုင်ငံ၏လိုအပ်ချက်အရ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှု ဥပဒေတို့ကို ပေါင်းစပ်ကာ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအဖြစ် ပြဌာန်းကာ အဆင့်ဆင့်ပြောင်းလဲခဲ့မှုကိုပါ သိရှိနားလည် ထားရန်လိုအပ်ပါကြောင်း၊ ဌာနရှိ အရာထမ်း၊ အမှုထမ်းများအားလုံး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဘာသာရပ်များနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို ပိုမိုသိရှိ နားလည်စေရန်သာမကဌာနတွင်း စီမံအုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို ကျွမ်းကျင်ပိုင်နိုင်စေရန်၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်း ဥပဒေ၊ နည်းဥပဒေများ ပိုမိုနားလည်ပြီး လိုက်နာကျင့်သုံးနိုင်စေရန်နှင့် ဝန်ကြီးဌာနဝန်ထမ်းများ၏ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရန် ရည်ရွယ်၍ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်း (၁/၂၀၂၃) ကို ပို့ချရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးက နိုင်ငံတော်နှင့် ဝန်ကြီးဌာန၏လုပ်ငန်းများအား ချမှတ်ထားသည့် မူဝါဒနှင့်အညီ အောင်မြင်အောင် ဆောင်ရွက်လုပ်ကိုင်ရန် ဝန်ထမ်းများ၏ စွမ်းရည်ဖွံ့ဖြိုးမှုမှာ အထူးလိုအပ်ပါကြောင်း၊ သက်ဆိုင်ရာဘာသာရပ်နှင့် အထူးပြုဘာသာရပ်များအား မိမိတို့ဌာနတွင်း ကျွမ်းကျင်သူများသာမက သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဘာသာရပ်ကျွမ်းကျင်သူများအားလည်း ဖိတ်ခေါ်ဆောင်ရွက်သွားမည် ဖြစ်ခြင်းကြောင့် သင်တန်းသားများအနေဖြင့် ယခုသင်တန်း တက်ရောက်ရာတွင် စိတ်ပါဝင်စားစွာ ဂရုတစ်စိုက်သင်ကြားကြစေလိုကြောင်း၊ သင်တန်းစည်းမျဉ်း စည်းကမ်းများနှင့်အညီ သင်ကြားလေ့လာသွားကြရန် တိုက်တွန်းပါကြောင်းပြောကြားခဲ့ပြီး သင်တန်းဆင်းအရည်အချင်းစစ် စာမေးပွဲကျင်းပမည်ဖြစ်ပြီး ထူးချွန်သူများကိုလည်း ဆုများပေးအပ် ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်း များအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၃) သို့ လူကိုယ်တိုင်နှင့် Online မှတစ်ဆင့် သင်တန်းသား/ သူ စုစုပေါင်း(၆၀) တက်ရောက်ကြပြီး အဆိုပါသင်တန်းကို ဇန်နဝါရီ ၂၃ ရက်မှ ဖေဖေါ်ဝါရီ ၁၇ ရက်အထိ (၁) လကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်