အာဖရိကဝက်အပြင်းဖျားရောဂါသည် ဝက်များတွင် ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားတတ်သော ကူးစက်မြန်ရောဂါတစ်ခုဖြစ်သည်။ အာဖရိကဝက်အပြင်းဖျားရောဂါသည် လူသို့လုံးဝ(လုံးဝ)ကူးစက်ခြင်းမရှိပါ။ မိမိတို့မွေးမြူထားသောဝက်များကို အဆိုပါရောဂါဖြစ်ပွားကျရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-
(၁) ဝက်မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို အထူးဂရုပြုမြှင့်တင်ရန်၊
(၂) ဝက်ခြံများနှင့် သားငါးဈေးများတွင် စနစ်တကျ ပိုးသတ်ဆေးဖျန်းခြင်း ပုံမှန်ပြုလုပ်ဆောင်ရွက်ရန်၊
(၃) ဝက်များကိုစားသောက်ဆိုင်နှင့် အိမ်များမှစားကြွင်းစားကျန်များ ကျွေးမည်ဆိုပါက အပူပြင်းပြင်းဖြင့် ချက်ပြုတ်ပြီးမှ ကျွေးမွေးရန်၊
(၄) အခြားခြံမှ အသုံးအဆောင်ပစ္စည်းများ ငှားရမ်းသုံးစွဲခြင်းမပြုရန်နှင့် လူအဝင်အထွက် ထိန်းချုပ်ကန့်သတ်ရန်၊
(၅) အသက်အရွယ်တူဝက်များကိုသာ အတူတူမွေးမြူရန်၊
(၆) ဝက်ခြံများအပူချိန်၊ စိုထိုင်းဆ၊ လေဝင်လေထွက် ကောင်းမွန်စေရေးဆောင်ရွက်ရန်၊
(၇) ရောဂါကင်းရှင်းကြောင်း စိတ်ချရသောခြံမှ ဝက်များကို ဝယ်ယူမွေးမြူရန်၊
(၈) ဝယ်ယူသည့်ဝက်များကို မိမိခြံရှိဝက်များနှင့်အတူ ထည့်သွင်းမွေးမြူခြင်းမပြုမီ သီးသန့်ခွဲခြားထား၍ ရောဂါကင်းရှင်းမှ မွေးမြူရန်၊
(၉) ပြည်ပမှတရားမဝင် တင်သွင်းလာသော ဝက်အရှင်နှင့် ဝက်ထွက်ပစ္စည်းများဖြစ်သည့် ဝက်သား၊ အေးခဲဝက်သား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်းနှင့် အခြားဝက်ထွက်ပစ္စည်းများ တင်သွင်းခြင်း၊ ရောင်းချခြင်း၊ စားသုံးခြင်းမပြုရန်၊
(၁၀) တောဝက်နှင့် အိမ်မွေးဝက်များ ရောနှောထိတွေ့ခြင်းမှ ကာကွယ်ရန်၊
(၁၁) တောဝက်နှင့် အိမ်မွေးဝက်များ ပုံမှန်မဟုတ်ဘဲ ရုတ်တရက်သေဆုံးပါက နီးစပ်ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံသို့ ချက်ချင်းသတင်းပို့ရန်၊
(၁၂) ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါစူးစမ်းရှာဖွေခြင်းလုပ်ငန်းများတွင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်နှင့် ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန်။
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန