နေပြည်တော် ဇန်နဝါရီ ၂၁
ခရီးသွားလုပ်ငန်း သုတေသနစင်တာ လက်စွဲစာအုပ်ပါ သုတေသနနည်းလမ်းများ အသုံးပြုနည်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ Park Royal Hotel ၌ ကျင်းပသည်။
အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယဉ်ကျေးမှုသံမှူးကြီးနှင့် တာဝန်ရှိသူများ၊ တရုတ် - မြန်မာ ခရီးသွားမြှင့်တင်ရေးလုပ်ငန်းအဖွဲ့၊ မြန်မာ - တရုတ် ချစ်ကြည်ရေး အသင်း(ရန်ကုန်)၊ တရုတ် - မြန်မာ ကုန်သည်ကြီးများအသင်း (ရန်ကုန်)၊ အမျိုးသားစီမံခန့်ခွဲမှု ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကအသင်းအဖွဲ့မှ ကိုယ်စားလှယ်များ၊ သင်တန်းသား သင်တန်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ခရီးသွားလုပ်ငန်းကဏ္ဍတွင် အထူးရန်ပုံငွေ ၂၀၂၁ ဖြင့် ခရီးသွားလုပ်ငန်း သုတေသနစင်တာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းစီမံကိန်းမှာ မြန်မာနိုင်ငံရှိ ခရီးသွားလုပ်ငန်းအတွက် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ခရီးသွားလုပ်ငန်းစျေးကွက်၏ ဝယ်လိုအားနှင့် ရောင်းလိုအားကို အချက်အလက်များနှင့် ကိန်းဂဏန်းများဖြင့် ဖော်ထုတ် နိုင်ရန်၊ ခရီးသွားလုပ်ငန်း ထုတ်ကုန်အသစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အစီအစဉ်များနှင့် မဟာဗျူဟာများ ချမှတ်နိုင်ရန်၊ ခရီးသွားလုပ်ငန်း အတွက် အလားအလာရှိသော စျေးကွက်များ ရှာဖွေဖော်ထုတ် နိုင်ရေး စဉ်ဆက်မပြတ် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များနှင့်နှစ်အလိုက် စီမံချက်များကို ပံ့ပိုးကူညီရန် ရည်ရွယ်ပါကြောင်း။
ခရီးသွားလုပ်ငန်းတွင် နယ်ပယ်ကျယ်ပြန့်ပြီး ဆက်စပ်နေသော လုပ်ငန်းများစွာရှိသဖြင့် စီမံကိန်းမှရရှိသော အကျိုးကျေးဇူးများအား ခရီးသွားလုပ်ငန်းသာမက ဆက်စပ်ဆောင်ရွက်နေသော လုပ်ငန်းများပါ ရရှိနိုင်မည်ဖြစ်သဖြင့် သင်တန်းသို့ ပါဝင်တက်ရောက်မည့် သင်တန်းသား သင်တန်းသူများအနေဖြင့် ကြိုးကြိုးစားစား လေ့လာသင်ယူကြရန်နှင့် သင်တန်းမှရရှိလာသော ဗဟုသုတများအား လက်တွေ့လုပ်ငန်းနယ်ပယ်တွင် အကျိုးရှိစွာ ပြန်လည်အသုံးချစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ သုတေသနပညာရှင် အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက ခရီးသွားလုပ်ငန်း သုတေသနစင်တာ လက်စွဲစာအုပ်ပါ အကြောင်းအရာများနှင့် သင်တန်းဖွင့်လှစ်ပို့ချခြင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ ယဉ်ကျေးမှုသံမှူးထံသို့ သုတေသနလက်စွဲစာအုပ်ကို အမှတ်တရ လက်ဆောင်အဖြစ်ပေးအပ်ပြီး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ဧည့်လမ်းညွှန် (အခြေခံ) သင်တန်းအမှတ်စဉ် (၆၃) သင်တန်းဆင်းပွဲ အခမ်းအနားသို့တက်ရောက်၍ အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသူများအား ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ပြီး ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်သည်။ အဆိုပါ ဧည့်လမ်းညွှန် (အခြေခံ) သင်တန်းအမှတ်စဉ် (၆၃) ကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၉ ရက်အထိ သုံးလတာ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပုဂံမြို့သို့ရောက်ရှိပြီး ပုဂံညောင်ဦးလေဆိပ်မှ ပြန်လည်ထွက်ခွာတော့မည့် Wide View Travels & Tours ကုမ္ပဏီ၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံသို့ Package Tour ဖြင့် လာရောက်လည်ပတ်နေသော ထိုင်းနိုင်ငံသား ခရီးသွားဧည့်သည်များကို ရင်းနှီးစွာ တွေ့ဆုံနှုတ်ဆက်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် Aureum Palace Hotel ၌ Hybrid စနစ်ဖြင့် ကျင်းပ သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍အမှာစကား ပြောကြားသည်။
အဆိုပါ သင်တန်းကို သင်တန်းသား သင်တန်းသူ ၃၅ ဦးဖြင့် ငါးရက်ကြာ အထူးပြုသင်တန်းကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်