နေပြည်တော် ဇန်နဝါရီ ၂၀
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင်နှင့် ဇေယျာသီရိခရိုင်မှ ဒေသဆိုင်ရာအချက်အလက်များနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများရှင်းလင်း တင်ပြခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဥတ္တရခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာအခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ပြောကြား
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နေပြည်တော်တွင် Green City၊ Clean City၊ Smart Cityကို ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ အထွက်တိုးအောင်စနစ်တကျ စိုက်ပျိုးစေလိုကြောင်း၊ MSME နှင့်ပတ်သက်၍ လက်ရှိလုပ်ငန်းများထက် တိုးတက်အောင်ဆောင်ရွက်စေလိုကြောင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် နေပြည်တော် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို စနစ်တကျဖြင့် အချိန်မီပြီးစီးရေးစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်စေလိုကြောင်း၊ မြို့တော်သန့်ရှင်းသာယာလှပရေးကို အားလုံးကအလေးထားဆောင်ရွက်စေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး သန်းဇော်ထူးနှင့် ဇေယျာသီရိခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဝင်းထူးတို့က ဒေသဆိုင်ရာအချက်အလက်များနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကိုမှာကြားသည်။ ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဝန်ထမ်းများအတွက် ဆန်၊ ဆီ၊ ကြက်ဥ၊ ငါးခြောက်နှင့်စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်ရာ ဝန်ထမ်းများကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လက်ခံရယူသည်။
လှည့်လည်ကြည့်ရှု
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ရုံးပတ်ဝန်းကျင်အတွင်း သန့်ရှင်းသာယာရေးဆောင်ရွက်ထားမှုကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်