Skip to main content

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲ (ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၀

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ(ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းရှိ သီရိမင်္ဂလာခန်းမတွင် ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲအကဲဖြတ်ဒိုင်များနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် လူငယ်အသိပညာရှင်၊ အတတ်ပညာရှင်များပေါ်ထွက်လာစေရန် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း။

အနာဂတ်ခေါင်းဆောင်များဖြစ်သည့် ကျောင်းသား လူငယ်အသိပညာရှင်၊ အတတ်ပညာရှင်များအတွက် လိုအပ်သောအရည်အသွေးများအနက် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်မြင့်မားရေးသည်လည်း အရေးကြီးသော ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ အင်္ဂလိပ်စာ၊ သင်္ချာဘာသာရပ်များ ပိုမိုအလေးထားလေ့လာကြပြီး အင်္ဂလိပ်စာအရေး၊ အဖတ်၊ အပြော၊ နားထောင်မှုစွမ်းရည်များ တိုးတက်လာစေရန်နှင့် စဉ်းစားတွေးခေါ်ဉာဏ် ရင့်သန်ပြီးသင်္ချာဆိုင်ရာ ဉာဏ်ရည်တိုးတက်စေချင်သည့် ရည်ရွယ်ချက်များဖြင့် ယခုလိုအင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြစ်ကြောင်း။

ဆည်းပူးလေ့လာ

ယခုအခမ်းအနားကို တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့၏အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်များတိုးတက်နေစေရေး အမြဲမပြတ်ဆက်လက်ဆည်းပူးလေ့လာနေကြစေလိုကြောင်း၊ နိုင်ငံတကာအင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအထိ ရည်မှန်းချက်ထား ဆက်လက်ကြိုးစားကြရန် တိုက်တွန်းပြောကြားလိုကြောင်း ပြောကြားသည်။

ထို့နောက် လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ဆွေထွန်းက အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများ ဖြေဆိုမှုနှင့်ပတ်သက်၍လည်းကောင်း၊ စာစစ်မှူးချုပ်၊ ရန်ကုန်တက္ကသိုလ် သင်္ချာဌာနပါမောက္ခ(ဌာနမှူး) ဒေါက်တာအောင်ကျော်က သင်္ချာစွမ်းရည်ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများ ဖြေဆိုမှုနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ပထမဆုချီးမြှင့်ခံရသည့် ကျောင်းသား ကျောင်းသူများက အင်္ဂလိပ်စာစွမ်းရည်ပြသကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် Grade-9 ကျောင်းသား ကျောင်းသူများအား ဆုချီးမြှင့်သည်။

ယင်းနောက် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသည့် Grade-9 ကျောင်းသား ကျောင်းသူများအား ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဆုချီးမြှင့်သည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းနှင့် ပညာရေးဝန်ကြီးဌာနရှိဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲတွင်ဆုရရှိသည့် ကျောင်းသား ကျောင်းသူများကို ဆုများချီးမြှင့်ပေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အကဲဖြတ်စစ်ဆေးခြင်းဆိုင်ရာလုပ်ငန်းများ ကူညီဆောင်ရွက်ပေးကြသည့် တက္ကသိုလ်/ကောလိပ်များမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးအပ်၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများရိုက်ကြကြောင်း သိရသည်။

သတင်းစဉ်