Skip to main content

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့သော လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၀

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြတပ်ခွဲ၊ ထိုင်ကြည့်စစ်ကြောင်း၊ ဂုဏ်ပြုယာဉ်နှင့်ပြခန်းတို့တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများအား ဂုဏ်ပြုခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးအမှတ်(၂၇) ရဲရွာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့်လုပ်ငန်းတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနအကြီးအကဲများနှင့် (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ယနေ့ကျင်းပသည့်အခမ်းအနားသည် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများကို ဂုဏ်ပြုသည့်အခမ်းအနားဖြစ်ကြောင်း၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့သည် ကြုံတောင့်ကြုံခဲနေ့ထူးနေ့မြတ်ဖြစ်ပြီး ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် မိမိတို့ဘဝတစ်သက်တာအတွက်လည်း ဂုဏ်ယူဖွယ်ရာအဖြစ် ကျန်ရစ်နေမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ မိမိတို့နိုင်ငံ၏ နေ့ထူးနေ့မြတ်အခမ်းအနားတွင် စည်ကားသိုက်မြိုက်စွာ အောင်အောင်မြင်မြင်ဖြစ်မြောက်စေရေးအတွက် တာဝန်ကျရာအခန်းကဏ္ဍအသီးသီးမှ တက်တက်ကြွကြွဖြင့် ပါဝင်ဆောင်ရွက်နိုင်မှုကြောင့် မိမိတို့ဝန်ကြီးဌာန၏ပုံရိပ်ကို များစွာမြှင့်တင်ပေးနိုင်ခဲ့သည့်အတွက် မိမိအနေဖြင့် အသိအမှတ်ပြုဂုဏ်ယူဝမ်းမြောက်မိကြောင်းနှင့် ဂုဏ်ပြုအခမ်းအနားအောင်မြင်အောင် ဆောင်ရွက်နိုင်စေရေးအတွက် အဘက်ဘက်မှဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့သည့် ဝန်ထမ်းများကိုလည်းအထူးပင်ကျေးဇူးတင်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့ကျရာ အခန်းကဏ္ဍမှပေးအပ်သည့်တာဝန်များကို ကျေပြွန်စွာဖြင့် နိုင်ငံတော်နှင့်ဝန်ကြီးဌာနအပေါ် သစ္စာရှိစွာ အားလုံးတက်ညီလက်ညီ အားသွန်ခွန်စိုက်ကြိုးစားဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ကိုယ်စားပြုစစ်ရေးပြတပ်ခွဲတွင် ပါဝင်ခဲ့သောဝန်ထမ်းများကိုယ်စား သက်ဆိုင်ရာအဖွဲ့ခေါင်းဆောင်သို့ ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးက ထိုင်ကြည့်စစ်ကြောင်း၊ ဂုဏ်ပြုယာဉ်နှင့်ပြခန်းတို့တွင် ပါဝင်ဆောင်ရွက်ခဲ့သော ဝန်ထမ်းများကိုယ်စားသက်ဆိုင်ရာအဖွဲ့ခေါင်းဆောင်များသို့ ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများက ဂုဏ်ပြုအခမ်းအနားသို့ တက်ရောက်လာကြသော ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ ဂုဏ်ပြုနေ့လယ်စာကို ပျော်ရွှင်စွာအတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်