Skip to main content

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင်ပါဝင်ခဲ့ကြသော ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၀

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုဂုဏ်ပြုယာဉ်၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းနှင့် ကဏ္ဍအသီးသီးတို့၌ ပါဝင်ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရုံးအမှတ်(၁)၌ ကျင်းပသည်။

ဂုဏ်ယူဖွယ်ရာ နေ့ထူးနေ့မြတ်

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မြန်မာနိုင်ငံအတွက်အထူးအရေးပါသည့် ဂုဏ်ယူဖွယ်ရာနေ့ထူးနေ့မြတ်ဖြစ်သော (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပါဝင်ဂုဏ်ပြုခွင့်ရရှိခြင်းနှင့် ဂုဏ်ပြုယာဉ်နှင့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းတွင် စနစ်တကျခင်းကျင်းပြသနိုင်ရေးနှင့် အခြားလိုအပ်သောကဏ္ဍများတွင် အားဖြည့် ဆောင်ရွက်ခဲ့သည့် ဝန်ထမ်းအားလုံး၏ စုစည်းညီညွတ်စွာ၊ စည်းကမ်းပြည့်ဝစွာ ကြိုးပမ်းဆောင်ရွက်ခဲ့မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယခုကဲ့သို့ နိုင်ငံတော်အဆင့်အခမ်းအနားတွင် ဝန်ထမ်းအားလုံးသက်ဆိုင်ရာကဏ္ဍအလိုက် စည်းလုံးညီညွတ်စွာဖြင့် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသည့်နည်းတူ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအတွက် စီးပွားရေးဦးတည်ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည့် မိမိတို့ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းများတွင်လည်း ဝီရိယ၊ သစ္စာ၊ ဉာဏ၊ သမာဓိ စွမ်းဆောင်ရည်ပြည့်ဝစွာဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် မိမိတို့ဝန်ကြီးဌာန ဝန်ထမ်းများ၏ စည်းလုံးညီညွတ်မှု၊ အပြန်အလှန်နားလည်မှု၊ ချစ်ခင်ရင်းနှီးစွာပူးပေါင်းမှုတို့ကြောင့် ယခုကဲ့သို့ အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်းနှင့် မိမိတို့နိုင်ငံ၏ ဂုဏ်ယူဖွယ်အခမ်းအနားတွင် စည်ကားသိုက်မြိုက်စွာ အောင်မြင်ဖြစ်မြောက်စေရန်အတွက် အားဖြည့်ပါဝင်ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းတစ်ဦးတစ်‌ယောက်ချင်းစီကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ကဂုဏ်ပြုယာဉ်နှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော ဝန်ထမ်းများကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ ဝန်ထမ်းကိုယ်စားလှယ်တို့က လက်ခံရယူကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးနှင့်ဌာနအကြီးအကဲများက ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး အတူတကွ ဂုဏ်ပြုညစာ သုံးဆောင်ခဲ့ကြသည်။

ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးများနှင့် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်