Skip to main content

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ရန်ကုန်မြို့ရှိ ဌာနများ၏ လုပ်ငန်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇန်နဝါရီ ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယနေ့တွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ မြန်မာ့စာတိုက်လုပ်ငန်း၏ စာရွေးစာပို့စခန်း (ရန်ကုန်)၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Call Center ၊ မင်္ဂလာဒုံမြို့နယ်ရှိ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနရုံးချုပ်နှင့် မြန်မာအမျိုးသားလေကြောင်းရုံးချုပ်တို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အကျိုးရှိအောင် စီမံဆောင်ရွက်နိုင်

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မရမ်းကုန်းမြို့နယ် (၈) မိုင်လမ်းဆုံရှိ မြန်မာ့စာတိုက်လုပ်ငန်းစာရွေးစာပို့စခန်း(ရန်ကုန်)သို့ရောက်ရှိပြီး မြန်မာ့စာတိုက်လုပ်ငန်းမှ အထွေထွေမန်နေဂျာက လုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြရာတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ စာပို့လုပ်ငန်းကွန်ရက်အတွင်း လုပ်ငန်းပိုမိုထိရောက်အောင်မြင်ရေးအတွက် ယခုလို အခြေခံအဆောက်အဦများကို ရန်ကုန်နှင့်မန္တလေးမြို့ကြီးများအပြင် အခြားဒေသများ၌ပါ လိုအပ်ချက်အခြေအနေများကိုသုံးသပ်၍ ဆောက်လုပ်နိုင်ရန် Master Plan ရေးဆွဲလျာထား ဆောင်ရွက်ထားရှိရေး၊ ယခုအဆောက်အဦ၏ တည်နေရာအချက်အချာကျမှုအနေအထားအရ လုပ်ငန်းစဉ်များကို အထိရောက်ဆုံးအကျိုးရှိအောင် စီမံဆောင်ရွက်နိုင်ရေး၊ အဆောက်အဦ ရေရှည်တည်တံ့ခိုင်ခံ့စေရေး၊ လိုအပ်သည့် လုံခြုံရေးနှင့်မီးဘေးကာကွယ်ရေးဆိုင်ရာကိရိယာပစ္စည်းများ စနစ်တကျတပ်ဆင်အသုံးပြုရေးနှင့် အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက စနစ် တကျဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်လေ့ကျင့် ဆောင်ရွက်သွားရန်တို့ကို မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အဆောက်အဦသစ်၌ လုပ်ငန်းဆောင်ရွက်နေကြသည့် စာရွေးစာပို့လုပ်ငန်းစဉ်များကို ကြည့်ရှုအားပေးပြီး ဝန်ထမ်းများကို စားသောက်ဖွယ်ရာ လက်ဆောင်ပစ္စည်းများပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Call Center အဆောက်အဦသို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက ဌာနဝန်ထမ်းများအနေဖြင့် သုံးစွဲသူများ၏ လိုအပ်ချက် အခက်အခဲများကို သိရှိရမည်ဖြစ်ပြီး နွေးထွေးပျူငှာစွာဖြင့် ပြည်သူလူထုနှင့် Public Relation ကောင်းမွန်စေရေး၊ အသုံးပြုနေသည့်စက်ပစ္စည်း Equipment များအား ပုံမှန်စစ်ဆေး၍ လိုအပ်သည့်အရန်ပစ္စည်းများ အဆင်သင့်ရှိနေရေး၊ အဆောက်အဦ၊ ဝန်ထမ်းနှင့် စာရွက်စာတမ်းများ လုံခြုံရေးကို အလေးအနက်ထားရေး၊ ဝန်ထမ်းများလုပ်ငန်းကျွမ်းကျင်မှုတိုးတက်အောင် လေ့ကျင့်ပေးရေး၊ ယနေ့ကာလတွင် မိုဘိုင်းတယ်လီဖုန်းစနစ်ကို တွင်ကျယ်စွာ အသုံးပြုလျက်ရှိကြပြီဖြစ်သော်လည်း အော်တိုတယ်လီဖုန်းစနစ်ကောင်းမွန်စွာအသုံးပြု နိုင်ရေးအတွက်လည်း ဝန်ဆောင်မှုကောင်းများပေးရေးတို့ကိုမှာကြားကာ Call Center ခန်းများ၌ ဝန်ထမ်းများတာဝန်ထမ်းဆောင်နေမှု၊ ဌာန၏ဆက်သွယ်ရေးဆက်ကြောင်းများ စောင့်ကြည့် ထိန်းသိမ်းနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများကို စားသောက်ဖွယ်ရာ လက်ဆောင်ပစ္စည်းများပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်္ဂလာဒုံမြို့နယ်ရှိ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ရုံးချုပ်)သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လေကြောင်းပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကြပ်မတ်ကွပ်ကဲဆောင်ရွက်နေသည့် ဌာနတစ်ခုဖြစ်ရာ လေကြောင်းလိုင်းများ၊ လေယာဉ်ကွင်းများနှင့် လေကြောင်းဖြင့် ခရီးသွားပြည်သူများ၏ ဘေးကင်းလုံခြုံမှုရှိစေရေး အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နယ်လေဆိပ်များအားလုံး၏ လေဆိပ်အဆောက်အဦ၊ လေယာဉ်ပြေးလမ်းနှင့် လေယာဉ်ကွင်းဧရိယာများကို သန့်ရှင်းသပ်ရပ်မှုရှိအောင်စီစဉ်ထားရှိ၍ တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်သွားရန် အလေးထားမှာကြားလိုကြောင်း၊ နိုင်ငံတကာတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုများ ကျဆင်းလာသည်နှင့်အမျှ လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းစဉ်များကို ဖြေလျှော့ပေးလျက်ရှိရာ ပြည်တွင်းပြည်ပခရီးသွားလာမှုများ တဖြည်းဖြည်းပြန်လည်များပြားလာပြီး ခရီးသွားများအဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသော ကုမ္ပဏီများ၊ မြေပြင်ဝန်ဆောင်မှုဆောင်ရွက်သည့်အဖွဲ့များကို SOP(Standard Oper-ation Producer) များနှင့်အညီ လိုက်နာဆောင်ရွက်ရေး အလေးထားကြပ်မတ်ဆောင်ရွက်သွားရန်၊ ဌာနရှိအရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိတွင်ရှိသည့် လုပ်ငန်းအတွေ့အကြုံ၊ လုပ်ငန်းကျွမ်းကျင်မှုများကို အသုံးချပြီးပြဋ္ဌာန်းထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဌာန၏ရည်မှန်းချက်တာဝန်များကို ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်မှာကြားသည်။

လေကြောင်းလိုင်း ဖွံ့ဖြိုးတိုးတက်ရန်

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ မြန်မာအမျိုးသားလေကြောင်းရုံးချုပ်သို့ရောက်ရှိပြီး အစည်းအဝေးခန်းမတွင် Board of Directors (BOD) အဖွဲ့ဝင်များက လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းအနေဖြင့် ဈေးကွက်စီးပွားရေးစနစ်နှင့် အညီ အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းများနှင့် တန်းတူယှဉ်ပြိုင်နိုင်ရေး ဈေးကွက်အခြေအနေကို အမြဲတမ်းလေ့လာသုံးသပ်ပြီး မိမိလေကြောင်းလိုင်း အစဉ်ဖွံ့ဖြိုးတိုးတက်နေအောင် ကြိုးပမ်းရန်လိုအပ်ကြောင်း။

ထို့ပြင် ဝင်ငွေတိုးတက်ရရှိစေရေး ပြည်တွင်း ပြည်ပခရီးစဉ်များ တိုးချဲ့ပျံသန်းခြင်း၊ လေယာဉ်မြေပြင်ဝန်ဆောင်မှုလုပ်ငန်းနှင့် ATR လေယာဉ် အကြီးစားပြင်ဆင်ရေး အလုပ်ရုံလုပ်ငန်းအတွက် ဈေးကွက်ရှာဖွေဆောင်ရွက်ခြင်း၊ အခြားလေကြောင်းလိုင်းနှင့်ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းများ ရှာဖွေဆောင်ရွက်ခြင်းစသည့်လုပ်ငန်းများကို အောင်မြင်အောင် အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ ထို့ပြင် လေကြောင်းလိုင်းအသုံးစရိတ်များကိုစိစစ်၍ လျှော့ချပြီး ဝင်ငွေတိုးတက်ရရှိအောင် အစဉ်မပြတ် သုံးသပ်ဆောင်ရွက်သွားကြရန်လိုကြောင်းတို့ကို မှာကြားပြီး ဝန်ထမ်းများကို အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်