Skip to main content

ပြည်ပသင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲနှင့် အစည်းအဝေးများတက်ရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသည့် အရာထမ်း/အမှုထမ်းများ အတွေ့အကြုံရှင်းလင်း

နေပြည်တော် ဇန်နဝါရီ ၂၀

ပြည်ပသင်တန်း၊ အလုပ်ရုံဆွေးနွေးပွဲနှင့် အစည်းအဝေးများတက်ရောက်ခဲ့သော အရာထမ်း/အမှုထမ်းများက အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်းအစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး က ၂၀၂၂ခုနှစ်အတွင်း ပြည်ပခရီးစဉ်များရှိလာပြီး ဝန်ကြီးဌာနအတွင်း အရာထမ်း ၇၀၊ အမှုထမ်း ၁၀ ဦး၊ စုစုပေါင်း ၈၀ တို့သည် တောင်ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံအစရှိသည့် နိုင်ငံများသို့ ခရီးစဉ် ၃၄ ကြိမ်သွားရောက်ခဲ့ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတကာနှင့်ထိတွေ့ဆောင်ရွက်နိုင်မှုမှသည် နိုင်ငံတကာနှင့်ဆိုင်သော အတွေ့အကြုံအသိပညာများရရှိလာမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်ပပညာသင်စေလွှတ်ခြင်းကိစ္စရပ်များကို အားပေးလျက်ရှိပါကြောင်း၊ Life Long Learning အနေဖြင့် လုပ်ငန်းခွင်သင်ကြားရေးသာမက ပြည်ပအစည်းအဝေးများ၊ ညီလာခံများ တက်ရောက်ခြင်းဖြင့် သင်ယူရမည်ဖြစ်ပါကြောင်း၊ မဟာဘွဲ့၊ ပါရဂူဘွဲ့တက်ရောက်သူများအနေဖြင့် နိုင်ငံတော်နှင့်ဌာနအပေါ်တွင် ပြန်လည်အကျိုးပြုရမည်ဖြစ်ပါကြောင်းနှင့် တက်ရောက်လာသူများအနေဖြင့် အတွေ့အကြုံများဖလှယ်မျှဝေခြင်း အစီအစဉ်တွင် ဗဟုသုတများတိုးပွားစေရေး သေချာမှတ်သားပြီး သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြပါရန် ပြောကြားသည်။

အဆိုပါ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ် ပထမပိုင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင်ဆောင်ရွက်ခဲ့ရာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပခဲ့သော ကဏ္ဍပေါင်းစုံ၌ ကျား/ မ တန်းတူညီမျှရေးအမြင် ထည့်သွင်းစဉ်းစားရေးဆိုင်ရာ အာဆီယံအမျိုးသမီးများနှင့် ကလေးသူငယ်များ၏ အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကော်မရှင်နှင့် အာဆီယံအမျိုးသမီးကော်မတီ ညှိနှိုင်းအစည်းအဝေးသို့တက်ရောက်ခဲ့သည့် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းတစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာအာဆီယံ စံသတ်မှတ်ချက်များနှင့် အသိအမှတ်ပြုထောက်ခံချက်များ ဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ အရာထမ်းနှစ်ဦး၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့နှင့် မာနာဒိုမြို့၌ (၇) ကြိမ်မြောက် အာဆီယံကလေးသူငယ်များဖိုရမ်သို့ ပါဝင်တက်ရောက်ခဲ့သော အရာထမ်းနှစ်ဦးမှ ရှင်းလင်းတင်ပြခဲ့ကြသည်။

ယနေ့အစီအစဉ်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံသတင်းအချက်အလက်နှင့် နည်းပညာဖိုရမ်သို့ တက်ရောက်ခဲ့သော လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာထမ်းတစ်ဦး၊ စင်ကာပူနိုင်ငံတွင် ကျင်းပသည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အဆင့်မြင့်အမှုဆောင်အစီအစဉ်သို့ တက်ရောက်ခဲ့သော အရာထမ်းနှစ်ဦးနှင့် စင်ကာပူနိုင်ငံတွင် ကျင်းပသည့် ပိုမိုအကျုံးဝင်စေသော လူ့အဖွဲ့အစည်းဖြစ်စေမည့် ကျား/မ တန်းတူညီမျှရေးသင်တန်းသို့ တက်ရောက်ခဲ့သော အရာထမ်းတစ်ဦးတို့က ဘာသာရပ်ဆိုင်ရာအသိပညာများ ပြန်လည်ရှင်းလင်းမျှဝေခဲ့ကြကာ တက်ရောက်လာသူများက မေးခွန်းများမေးမြန်းခြင်း၊ မိမိတို့ဌာနအလိုက် ဆက်လက်ဆောင်ရွက်သင့်သည့် အကြံပြုချက်များဖော်ထုတ်အကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်