နေပြည်တော် ဇန်နဝါရီ ၂၀
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားကြိုးမာန်တက်ပါဝင်ခဲ့ကြသည့် ပညာရေးဝန်ကြီးဌာနမှ ဝန်ထမ်းများကို ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိရုံးအမှတ်(၁၃)၊ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ကြုံတောင့်ကြုံခဲနေ့ထူးနေ့မြတ် အခါသမယဖြစ်သည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနား၌ ပညာရေး၀န်ကြီး ဌာနမှ၀န်ထမ်းများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများ ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့်အတွက် နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ဦးစီးဌာနများအားလုံးက ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြသည့် စိန်ရတုလွတ်လပ်ရေးနေ့သည် မိမိတို့အနေဖြင့် တစ်သက်တာတွင် ပထမဆုံးကြုံတွေ့ဆင်နွှဲ ခွင့်ရခဲ့သည့်ပွဲဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနကိုယ်စားပြု ပါဝင်ဆင်နွှဲကြသည့် ဝန်ထမ်းများအနေဖြင့် ဦးစီးဌာနအလိုက် ကျရာတာဝန်များ ခွဲဝေဆောင်ရွက်ရာတွင်ခွဲဝေပေးအပ်သည့် တာဝန်များအပြင် ပျော်ရွှင်စွာဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရသည့်အတွက် များစွာဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသည် ကမ္ဘာကအသိအမှတ်ပြုရသည့် သမိုင်းတွင်မည့် ဂုဏ်ယူဖွယ်အခမ်းအနားကြီးဖြစ်ပြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းသည် ဝန်ထမ်းများ၏ စည်းလုံးညီညွတ်မှုစွမ်းပကားကြောင့် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြသည့် ဝန်ထမ်းများကို မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက စစ်ရေးပြတပ်ခွဲတွင်ပါဝင်ခဲ့သည့် ဝန်ထမ်း ၁၈၃ ဦးအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ရာ ဝန်ထမ်းများကိုယ်စား ဦးစီးဌာနများမှ ကိုယ်စားလှယ်များက လက်ခံရယူကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာကြသည့်ဝန်ထမ်းများကို ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ကိုယ်စားပြုပါဝင်ဆောင်ရွက်ခဲ့ကြသည့် အရာထမ်း၊ အမှုထမ်းများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာ အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်