Skip to main content

အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးမှုများကြောင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဦးစီးဌာနရုံး အဆောက်အဦ ၉ ခု ပျက်စီးဆုံးရှုံးခဲ့ရ

နေပြည်တော် ဇန်နဝါရီ ၂၀

CRPH နှင့် NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံပျက်သုဉ်းရေးဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကိုဖွဲ့စည်း၍ အချို့သောဒေသများတွင် အေးချမ်းစွာနေထိုင်ကြသော ပြည်သူများအား အကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့် သက်ဆိုင်သောဆေးရုံများ၊ ကျောင်းများ၊ နေအိမ်များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များနှင့် ဌာနဆိုင်ရာရုံးများအား မီးရှို့ဖျက်ဆီးခြင်းနှင့် ပစ္စည်းများအားလုယက်ခြင်းစသည့် အဖျက်အမှောင့်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

ထို့သို့ အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ ဇန်နဝါရီ ၁၉ ရက် ည ၇ နာရီ ၂၀ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့၊ အောင်ဇေယျရပ်ကွက်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ဖောက်ခွဲ၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ရုံးပင်မအဆောက်အဦတစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အကြမ်းဖက်အဖွဲ့များ၏အကြောင်းမဲ့ မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကြောင့် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်၊ ယနေ့အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံး ၉ ရုံးတို့ ပျက်စီးဆုံးရှုံးခဲ့ရမှုကို ဖော်ပြပါအတိုင်းတွေ့ရှိရသည်-

အကြမ်းဖက်အဖွဲ့များအနေဖြင့် ဌာနဆိုင်ရာရုံးများအား ယခုကဲ့သို့မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ဖျက်ဆီးခြင်းများလုပ်ဆောင်နေမှုအပေါ် ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများကိုရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာဆက်သွယ်သတင်းပေးပို့၍ အကြမ်းဖက်သမားများရပ်တည်မှုမရှိနိုင်သည်အထိ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံသတင်းထုတ်ပြန်အပ်ပါသည်။