Skip to main content

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဝန်ထမ်းများကို ဂုဏ်ပြုသည့် အခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၉

၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ဝန်ကြီးဌာနကိုယ်စားပြုပါဝင်ခဲ့သည့် ဝန်ထမ်းများအား ဂုဏ်ပြုနေ့လယ်စာစားပွဲနှင့် ဂုဏ်ပြုမှတ်တမ်းတင်လွှာ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ပါဝင် ဆောင်ရွက်ခဲ့ကြသည့်ဝန်ထမ်းများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဝန်ကြီးဌာနကိုယ်စားပြုပြီး တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများ၏ ကြိုးစားမှုကို မှတ်တမ်းတင်ဂုဏ်ပြုသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် အထူးဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ဂုဏ်ပြုအခမ်းအနားတွင် အောင်မြင်အောင်ဆောင်ရွက်နိုင်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီ ပံ့ပိုးပေးခဲ့သည့် ဝန်ထမ်းများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် အဖွဲ့အစည်းများဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရာတွင် ရရှိသည့် အလေ့အကျင့်ကောင်းများကိုရယူပြီး နိုင်ငံတော်၏ ယန္တရားများ ရှေ့ဆက်လက်ပိုမိုကောင်းမွန်စွာ အရှိန်အဟုန်မြှင့်တင်လည်ပတ်နိုင်ရေးအတွက် အားသွန်ခွန်စိုက် ဆတက်ထမ်းပိုး ကြိုးစားဆောင်ရွက် သွားကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြခန်း၊ ဂုဏ်ပြုယာဉ်၊  စစ်ရေးပြစစ်ကြောင်းနှင့် ထိုင်ကြည့်စစ်ကြောင်း တို့တွင်ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများကိုယ်စား အဖွဲ့ခေါင်းဆောင် တစ်ဦးချင်းစီကို ဂုဏ်ပြုမှတ်တမ်းတင်လွှာများ ပေးအပ်ချီးမြှင့်ပြီး အားကစားပြိုင်ပွဲတို့တွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများကိုယ်စား အဖွဲ့ခေါင်းဆောင်တစ်ဦးကို ဂုဏ်ပြုမှတ်တမ်းတင်လွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ ဝန်ထမ်းများကိုယ်စား အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဝန်ထမ်းများနှင့်အတူ ဂုဏ်ပြု နေ့လယ်စာကို အတူတကွ သုံးဆောင်ကြသည်။ အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းစုစုပေါင်း ၄၄၉ ဦးကို ဂုဏ်ပြု မှတ်တမ်းတင်လွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်