Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးကို လက်ခံတွေ့ဆုံ

နေပြည်တော်  ဇန်နဝါရီ  ၁၈

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည်  မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Mongkol Viststump နှင့်အဖွဲ့ကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်အဖွဲ့ကို ယခုလို တွေ့ဆုံခြင်းဖြင့်   မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အခက်အခဲများနှင့် ရပိုင်ခွင့်များ၊ အလုပ်သမား စေလွှတ်ခြင်းကိစ္စရပ်များနှင့် နှစ်နိုင်ငံ MoU စနစ်ဖြင့် ဆောင်ရွက်မည့် ကိစ္စရပ်များအတွက်    များစွာ အထောက်အပံ့ဖြစ်မည်ဟု    ယုံကြည် ကြောင်း ပြောကြားသည်။

ဆက်လက်၍  ထိုင်းနိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံအစိုးရမှ   တရားဝင်ခန့်အပ်ထား သည့် အလုပ်သမား သံအရာရှိများနှင့် ညှိနှိုင်းဆွေးနွေးရေး ကိစ္စ၊ MoU စနစ်ဖြင့် စေလွှတ်သည့် အလုပ်သမား များအတွက်  ဗီဇာကြေးလျှော့ချပေးနိုင်ရေးကိစ္စ၊ အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ (Memorandum of Understanding on Labour Corporation) နှင့် အလုပ်သမားများ  အလုပ်ခန့်ထားရေးဆိုင်ရာ  သဘောတူစာချုပ် (Agreement on the Employment of Workers) သက်တမ်းတိုးလက်မှတ်  အမြန်ရေးထိုးနိုင်ရေးကိစ္စ၊ MoU  အလုပ်သမားများအား  လေကြောင်းလိုင်းမှ တစ်ဆင့် စေလွှတ်နိုင်ရေးကိစ္စ၊  ထိုင်းနိုင်ငံရှိ  MoU သက်တမ်း ၄ နှစ်ပြည့်ပြီးသည့်  မြန်မာရွှေ့ပြောင်း အလုပ်သမားများကို     နိုင်ငံကူးလက်မှတ်စာအုပ် သက်တမ်းတိုးအသစ်ထုတ်ပေးနိုင်ရေးနှင့် ထိုင်းနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) ထုတ်ပေးသည့်ကိစ္စနှင့် ထိုင်းနိုင်ငံရှိ  အထောက် အထားမဲ့မြန်မာ အလုပ်သမားများကို  ယာယီနေထိုင် လုပ်ကိုင်ခွင့် (ပန်းရောင်ကတ်) များ  ထုတ်ပေးခြင်း ကိစ္စရပ်များကို အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊  အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ကြသည်။

သတင်းစဉ်