Skip to main content

သံတောင်ကြီးမြို့နယ်၌ အကြမ်းဖက်သမားများက သပြေညွန့် - မုတ္တိမြောင် - ဇင်းတိုင် ကျေးရွာများသို့ဆက်သွယ်ထားသည့် ယောက်တဝချောင်းကူးတံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး

နေပြည်တော် ဇန်နဝါရီလ ၁၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၌ အကြမ်းဖက်သမားများက သပြေညွန့် - မုတ္တိမြောင် - ဇင်းတိုင်ကျေးရွာများသို့ဆက်သွယ်ထားသည့် ယောက်တဝချောင်းကူးတံတားအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့သည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၉ နာရီ ၅၀ မိနစ်ခန့်တွင် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သပြေညွန့် - မုတ္တိမြောင် - ဇင်းတိုင်ကျေးရွာများသို့ဆက်သွယ်ထားသည့် ယောက်တဝချောင်းကူးတံတားအား အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ရာ ပေါက်ကွဲမှုကြောင့် အရှည် ၂၇၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၁၅ ပေရှိ သံကူကွန်ကရစ်တံတားတစ်စင်းပြိုကျပျက်စီးခဲ့ပြီး လူနှင့်မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍မရကြောင်း သိရသည်။

ထိုသို့ အကြမ်းဖက်သမားများ၏ ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးခဲ့သည့်တံတားအား ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် ပြင်ဆင်ခြင်းလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဖျက်ဆီးမှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။