Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဘာသာရေးအဖွဲ့ ခေါင်းဆောင်များ၊ ပြည်သူ့စစ်ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအဖွဲ့များနှင့် တွေ့ဆုံ၊ အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများပေးအပ်

လွိုင်ကော် ဇန်နဝါရီ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ ဘာသာရေးအဖွဲ့ခေါင်းဆောင်များ၊ ပြည်သူ့စစ်ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအဖွဲ့များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဦးစောထွန်းအောင်မြင့်၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် လှမိုး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် ဒေါက်တာ အေးထွန်းနှင့် ဘာသာပေါင်းစုံမှ ဘာသာရေးအဖွဲ့ခေါင်းဆောင်များ၊ ပြည်သူ့စစ် (ဌာနေ) အဖွဲ့ ခေါင်းဆောင်များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ နယ်ခြားစောင့်တပ်များမှ ခေါင်းဆောင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်က ပြည်နယ်အတွင်း ငြိမ်းချမ်းရေးကိုအတူတကွ ဝိုင်းဝန်းဖော်ဆောင်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးမရှိပါက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလည်း ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ ပြည်နယ်အတွင်း စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးလုပ်ငန်းများ အဆင်ပြေကောင်းမွန် စေရန်အတွက်လည်း ရပ်ကွက်ကျေးရွာ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် နိုင်ငံရေးဖြစ်စဉ်များကို သိရှိနားလည်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း၌ ငြိမ်းချမ်းရေးရှိမှ မိမိတို့ပြည်နယ်လည်း ဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်နှင့် ဦးရွှေကြိမ်းတို့က နှုတ်ခွန်းဆက်စကားပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် ကယားပြည်နယ် အတွင်းရှိဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များ၊ ပြည်သူ့စစ်အဖွဲ့များ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းများကလည်း မိမိတို့၏ကဏ္ဍများအလိုက် ဆောင်ရွက်ချက်များ၊ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များက လက်ရှိဆောင်ရွက် ပေးနေသည့် အခြေအနေများကို ပြန်လည်ရှင်းလင်း ဖြေကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်က ဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များကို နှစ်သစ်ကူးအမှတ်တရ လက်ဆောင်ပန်းခြင်းများကို လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ပြည်နယ်ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်(ဌာနေ)အဖွဲ့များ၊ ငြိမ်းချမ်းရေးအဖွဲ့ အစည်းများ၊ နယ်ခြားစောင့်တပ်များနှင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ ငွေများကိုလည်းကောင်းပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားသည်။

ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် ယမန်နေ့နံနက်ပိုင်းက KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးဖြင့် ယုတ်မာရက်စက်စွာ အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်သဖြင့် သေဆုံးခဲ့သည့် အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦး၏ မိသားစုဝင်များ နေအိမ်နှင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လွိုင်ကော်မြို့ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေသည့် အပြစ်မဲ့ကျောင်းသား ကျောင်းသူများ၊ အရပ်သားပြည်သူများအား သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်