လွိုင်ကော် ဇန်နဝါရီ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်၊ ဦးစိုင်းလုံးဆိုင်၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ဦးစောထွန်းအောင်မြင့်၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်လှမိုး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် ဒေါက်တာအေးထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန်ဘုန်းတော်ကြီးကျောင်းများသို့ ဆန်နှင့် ဆီများ လှူဒါန်းကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းသို့သွားရောက်ကာ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကြပြီး ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစက္ကထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ကို လှူဖွယ်ဝတ္ထု၊ ဆန်နှင့် ဆီများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ဆရာတော်ထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ခရစ်တော်ဘုရင် ဘုရားရှိခိုးကျောင်းသို့ရောက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်က နှုတ်ခွန်းဆက်စကားပြောကြားသည်။
ထို့နောက် ခရစ်ယာန်ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ဆန်နှင့် ဆီများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများက ထောက်ပံ့လှူဒါန်းရာ ခရစ်ယာန်ဘုန်းတော်ကြီးများနှင့် သီလရှင်များက လက်ခံရယူကြသည်။
ယနေ့တွင် ကယားပြည်နယ်အတွင်းရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း (၄၁) ကျောင်းမှ ရဟန်းသာမဏေ (၈၁၆) ပါး၊ သီလရှင်ကျောင်း (၃) ကျောင်းမှ သီလရှင် (၁၁၆) ပါးအတွက် ဆန် (၂၃၃) အိတ်နှင့် ဆီ (၄၆၆) ပိဿာ၊ ခရစ်ယာန်ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်း (၄၅) ကျောင်းမှ ဘုန်းတော်ကြီး (၁၅၆) ပါး၊ သီလရှင် (၁၀၂) ပါးအတွက် ဆန် (၆၄) အိတ် (၁၂) ပြည်၊ ဆီ (၁၂၉) ပိဿာတို့ကိုလှူဒါန်းခဲ့ရာ စုစုပေါင်းလှူဒါန်းငွေကျပ် (၂၀၈,၂၅၀၀၀) ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်