Skip to main content

ယုံကြည်မှုနှင့်တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်မှု

မြန်မာနိုင်ငံရှိ ပြည်ထောင်စုတစ်ဝန်း တန်းတူညီတူဖွံ့ဖြိုးတိုးတက်မှုကို နိုင်ငံတော်အစိုးရက အလေးထား ဆောင်ရွက်ပေးနေသည်။ မြန်မာနိုင်ငံ၌ နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခုရှိသည့်အနက် ချင်းပြည်နယ်နှင့်ကယားပြည်နယ်တို့သည် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံးဒေသများ ဖြစ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် အဆိုပါဒေသများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ဆောင်ရွက်နေမှုများတွင် သက်ဆိုင်သူများအနေဖြင့် လက်တွဲပူးပေါင်း ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်လာမှုအတွက် တည်ငြိမ်အေးချမ်းမှုနှင့် စည်းလုံးညီညွတ်မှုသည် အရေးကြီးသော အချက်ဖြစ်သည်။ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းကို လေ့လာကြည့်မည်ဆိုပါက လွတ်လပ်ရေးနှင့်အတူ နယ်ချဲ့ပယောဂဖြင့် ဖြစ်ပေါ် လာသော လူမျိုးစွဲ၊ ဝါဒစွဲ၊ ယုံကြည်မှုပျက်ပြားစေသည့် အကျိုးရလဒ်များကြောင့် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပေါ်လာကာ ဒေသတည်ငြိမ်အေးချမ်းမှု ပျက်ပြားပြီး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျကျန်ခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ လက်နက်ကိုင် ပဋိပက္ခရှိနေသည့် ဒေသများတွင် အကျိုးဆက်များကို ယင်းဒေသမှ ပြည်သူများ တိုက်ရိုက်ခံစားနေကြရပြီး အခြားဒေသမှ ပြည်သူများ အနေဖြင့်လည်း သွယ်ဝိုက်၍ ခံစားနေကြရသည်ကို တွေ့ရမည်ဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခများကြောင့် လူ့အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အတားအဆီးဖြစ်စေရုံသာမက အနာဂတ်မျိုးဆက်များ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးစသည့် ကဏ္ဍများ၏တိုးတက်မှုများကို နှောင့်နှေးစေသည်။ ပဋိပက္ခများကြောင့် ဒေသ၏လူမှုစီးပွားဘဝများ ကျဆင်းကာ ဆင်းရဲမှုနှုန်းကို မြင့်မားစေပြီး နိုင်ငံ၏အနာဂတ်အတွက် ရင်လေးဖွယ်ဖြစ်သည်ကို တွေ့မြင် နိုင်သည်။ ပဋိပက္ခသံသရာတွင် ကျင်လည်နေသည့်နိုင်ငံတိုင်းအတွက် ငြိမ်းချမ်းရေးခရီးတွင် အခက်အခဲ အကျပ်အတည်းများ ရှိနေစမြဲဖြစ်သည်။ ထို့ကြောင့် ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်ပြီး ဖွံ့ဖြိုးတိုးတက်မှုကို ပြန်လည်ဦးမော့ လာအောင် ကြိုးပမ်းဆောင်ရွက်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။

ဖွံ့ဖြိုးမှုနှုန်း အနိမ့်ဆုံးဖြစ်နေသော ချင်းပြည်နယ်နှင့် ကယားပြည်နယ်ကို တည်ငြိမ်အေးချမ်းအောင်၊ ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်သည်။ ပြည်နယ်အချို့တွင် ဖြစ်ပွားနေသည့် ပဋိပက္ခအချို့ကို ဆန်းစစ် ကြည့်လျှင် ဒေသခံတိုင်းရင်းသားပြည်သူများက ဖန်တီးနေခြင်းမဟုတ်ပေ။ ဒေသ အတွင်း၌ လူမျိုးရေး၊ ဝါဒရေးထက် သွေးထိုးလှုံ့ဆော်မှု၊ မယုံကြည်မှု၊ ကိုယ်ကျိုး စီးပွားရှေ့တန်းတင်မှု စသည်တို့ကို အကြောင်းခံသည့် အဖွဲ့အစည်းအချို့က ဖန်တီးနေသည်ကို တွေ့ရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ တိုင်းရင်းသားညီအစ်ကို အချင်းချင်းဖြစ်သည်ဟူသောစိတ်ထားဖြင့် ငြိမ်းချမ်းရေးကို ရှေးရှုဖော်ဆောင်ကြ ရမည်ဖြစ်သည်။ တိုင်းရင်းသားပြည်သူများ၏ အနာဂတ်ကို ထည့်သွင်းစဉ်းစားကြ ရမည်ဖြစ်သည်။ ဒေသတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် လက်တွဲပူးပေါင်းကြရမည်ဖြစ်သည်။

ပဋိပက္ခများတွင် ပါဝင်ပတ်သက်နေသူများအနေဖြင့် ငြိမ်းချမ်းရေးကို အမှန် တကယ်လိုလားသည့်ဆန္ဒ၊ နည်းလမ်းမှန်ကန်မှု၊ စိတ်ရှည်သည်းခံမှု၊ ငြိမ်းချမ်းစွာစေ့စပ်ညှိနှိုင်းလိုမှု၊ တစိုက်မတ်မတ် ကြိုးစားအားထုတ်မှုရှိမှသာ ငြိမ်းချမ်းရေးအတွက် ခရီးပေါက်မည်ဖြစ်သည်။ ငြိမ်းချမ်းရေးသည် သက်ဆိုင်သူများသာမက ဒေသခံတိုင်းရင်းသားပြည်သူများအတွက်ပါ အကျိုးများသော လုပ်ငန်းစဉ်ဖြစ်သည်။ ငြိမ်းချမ်းရေး၏အကျိုးရလဒ်များကို သက်ဆိုင်သူများရော ဒေသခံပြည်သူများပါ ရရှိခံစားနိုင်ပေသည်။ လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းနည်းသည် မည်သည့်အခါတွင်မျှ အောင်မြင်မှုမရနိုင်သောလုပ်ငန်းဖြစ်သည်ကို နိုင်ငံများ၏ဖြစ်စဉ်များက သက်သေပြထားပြီးဖြစ်ပေသည်။ လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းနေသရွေ့ အဆိုးသံသရာတွင် ကျင်လည်နေရမည်ဖြစ်သည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များသည် နိုင်ငံရေး၏ အစိတ်အပိုင်းတစ်ခု ဖြစ်သော်လည်း နိုင်ငံရေး၏ လက်နက်တစ်ခုမဟုတ်ဘဲ နိုင်ငံတည်ဆောက်ရေးနှင့် အမျိုးသားအကျိုးစီးပွားအတွက် အဓိကဦးတည်လုပ်ဆောင်ပါမှသာ အနာဂတ်နိုင်ငံ တည်ဆောက်ရေးကို အထောက်အကူပြုဖြစ်စေမည်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏ (၇၁) နှစ်မြောက် ကယားပြည်နယ်နေ့သို့ ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြထားသည်။ တိုးတက်မှုများရှိနေသည့် ငြိမ်းချမ်းရေး လမ်းစများအပေါ် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် သက်ဆိုင်သူအားလုံးက နိုင်ငံတော်နှင့် ပြည်သူအကျိုးကိုရှေးရှုပြီး အပြုသဘောဖြင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် ငြိမ်းချမ်းရေးကို ပိုမိုခရီးရောက် အောင်မြင်နိုင်မည်ဖြစ်သည်။

 

သို့ဖြစ်ရာ ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန် အရေးသုံးပါးကို ဦးထိပ်ထားပြီး တိုင်းရင်းသားပြည်သူများအကြား စည်းလုံးညီညွတ်ရေးစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် အခြေခံကောင်းများ ပွားများထွန်းကားအောင် ကြိုးပမ်းဆောင်ရွက်ပြီး အပြန်အလှန်နားလည်မှု၊ အပြန်အလှန်လေးစားမှု၊ ယုံကြည်မှုများကို တည်ဆောက်ကြကာ ဒေသတွင်းတည်ငြိမ်အေးချမ်းမှုနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုတို့ကို အမြင်ကြည်လင်စွာဖြင့် အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။