Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချီးမြှင့်သည့် ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်

နေပြည်တော် ဇန်နဝါရီ ၁၄

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲများ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များကို တစ်ဦးချင်းချီးမြှင့်အပ်နှင်းခဲ့သည်။

အဆိုပါဂုဏ်ထူးဆောင်ဘွဲ့များအပ်နှင်းခြင်းအခမ်းအနားသို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက် ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက်လက်ခံရယူနိုင်မည့် ဘွဲ့ခံပုဂ္ဂိုလ်များအား သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ဂုဏ်ထူးဆောင်ဘွဲ့များ လက်ခံရယူမည့် ကာယကံရှင်မိသားစုဝင် များထံသို့ သွားရောက်ချီးမြှင့်အပ်နှင်းပေးလျက်ရှိသည်။

ထိုသို့ ချီးမြှင့်အပ်နှင်းပေးလျက်ရှိရာတွင် ယနေ့တွင်ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ဆောက်လုပ်ရေးဌာန ဒုတိယဝန်ကြီး ဦးကျင်လှိုင်(ကွယ်လွန်)ကိုယ်စား သားဖြစ်သူ ဦးမြင့်ဌေးကိုလည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ အမှတ်(၂)စက်မှုဌာန ဒုတိယဝန်ကြီး ဦးကျော်ဇ(ကွယ်လွန်)ကိုယ်စား သားဖြစ်သူဦးရဲဝင့်ကျော် ကိုလည်းကောင်း၊ ဝဏ္ဏကျော်ထင်ဘွဲ့ရရှိသူ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပေါ်သိမ်း(ကွယ်လွန်) ကိုယ်စားသားဖြစ်သူ ဦးကျော်စိုးကိုလည်းကောင်း၊ သီရိပျံချီဘွဲ့ရရှိသူ ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီး ဘိုနီ(ငြိမ်း)(ကွယ်လွန်)ကိုယ်စား  သမက်ဖြစ်သူ ဦးစိုးဝင်းကိုလည်းကောင်း၊  အလင်္ကာကျော်စွာဘွဲ့ရရှိသူ အနုပညာရှင် စည်သူဗိုလ်ကလေးတင့်အောင်(ကွယ်လွန်)ကိုယ်စား သမီးဖြစ်သူဒေါ်စိုးစိုးတင့်ကိုလည်းကောင်း၊ စည်သူဘွဲ့ရရှိသူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်မှူးချုပ် သောင်းတင်(ငြိမ်း) (ကွယ်လွန်)ကိုယ်စားသမီးဖြစ်သူ ဒေါ်တင်ကြည်တင်ကိုလည်းကောင်း  ဂုဏ်ထူးဆောင်ဘွဲ့များအား ၎င်းတို့၏နေအိမ်များသို့ သွားရောက်၍ လက်ဝယ်အရောက်ချီးမြှင့် အပ်နှင်းခဲ့ကြသည်။

အလားတူ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ရခိုင်ပြည်နယ်မှ သီရိပျံချီဘွဲ့ရရှိသူအား ဂုဏ်ထူးဆောင်ဘွဲ့  ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။

ဦးစွာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကိုဖတ်ကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစံကျော်လှအား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သီရိပျံချီဘွဲ့ပေးအပ်ချီးမြှင့်ပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့အတူယနေ့နံနက်ပိုင်းတွင်လည်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့်အတူဇီးကုန်မြို့နယ်၊ ကန္တလီကျေးရွာနေ သခင်လွင်(ခေါ်)ဦးဖိုးသင် ရရှိခဲ့သည့် သီရိပျံချီဆုတံဆိပ်အား ၎င်း၏မြေးဖြစ်သူ ဦးသိန်းဦးအားသွားရောက်အပ်နှင်းခဲ့ပြီး အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။