ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး
သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ
(၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာ
(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်)
ချစ်ခင်လေးစားအပ်ပါသော ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူညီအစ်ကိုမောင်နှမများခင်ဗျား ယနေ့ ဇန်နဝါရီလ(၁၅)ရက်နေ့သည် ကယားပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် ကယားတိုင်းရင်းသားများအတွက် မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော ( ၇၁ )နှစ်မြောက် ကယားပြည်နယ်နေ့ဖြစ်ပါသည်။
ယခုကဲ့သို့ နှစ်သစ်ကူးအခါသမယတွင် ကျရောက်သည့် ကယားပြည်နယ်နေ့၌ ကယားတိုင်းရင်းသားများနှင့် နိုင်ငံအဝန်း ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံး စိတ်ရောကိုယ်ပါကျန်းမာရွှင်လန်းပြီး လိုရာဆန္ဒပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
၁၉၄၇ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ကရင်နီပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပြည်နယ်တစ်ခုအဖြစ်ပါဝင်ခဲ့ပြီး ၁၉၅၁ ခုနှစ်၊ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ချက်အက်ဥပဒေအရ လူထုဆန္ဒဖြင့် ၁၉၅၂ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှစ၍ ကရင်နီပြည်နယ်မှ ကယားပြည်နယ်အဖြစ် တရားဝင်ပြောင်းလဲခေါ်ဝေါ်ခဲ့ပါသည်။
ထိုသို့ ကယားပြည်နယ်ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့သည့်နေ့ကို “ကယားပြည်နယ်နေ့” အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ပါသည်။
ကယားပြည်နယ်သည် မြန်မာနိုင်ငံ၏ အရှေ့ပိုင်းတောင်တန်းဒေသဖြစ်ပြီး တောတောင်ရေမြေသဘာဝအလှတရားများ၊ မြေပေါ်မြေအောက်သယံဇာတများ ပေါကြွယ်ဝကာ ရိုးရာယဉ်ကျေးမှုအလှတရားများဖြင့် သာယာလှပသော၊ ရာသီဥတုမျှတသော ပြည်နယ်ဖြစ်ပါသည်။ ဒေသခံတိုင်းရင်းသားတို့၏ ရင်းနှီးဖော်ရွေမှု၊ ရိုးသားမှုတို့သည် ပြည်နယ်၏ နှစ်သက်စွဲလမ်းဖွယ်ရာ ဂုဏ်အင်္ဂါများပင်ဖြစ်ပါသည်။
ကယားပြည်နယ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်သော ပြည်နယ်တစ်ခုဖြစ်သည့်အပြင် မော်ချီးသတ္တုတွင်းသည် ဒုတိယကမ္ဘာစစ်မတိုင်မီကပင် ခဲမဖြူ၊ အဖြိုက်နက်ကဲ့သို့သော အဖိုးတန်သယံဇာတများထွက်ရှိသည့် အဓိကရင်းမြစ်နေရာတစ်ခုဖြစ်ခဲ့ပြီး ယနေ့တိုင်အောင် စကျင်ကျောက်များ၊ ဘော်သတ္တုများ၊ ခဲမဖြူ၊ အဖြိုက်နက်၊ ရှီးလိုက်ရောရာသတ္တုများစသည့် တွင်းထွက်ပစ္စည်းများသာမက သစ်တောထွက်ပစ္စည်းများ ကြွယ်ဝစွာထွက်ရှိကာ သဘာဝကဖန်တီးပေးထားသော ရေခံမြေခံကောင်းလှသည့် ပြည်နယ်၊ ဖွံ့ဖြိုးတိုးတက်ပြီး ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့သည့် ပြည်နယ်ဖြစ်ပါသည်။
ထို့နည်းတူ ကယားပြည်နယ်၏ လောပိတရေအားလျှပ်စစ်စက်ရုံကြီးသည် နိုင်ငံတော်တစ်ဝန်းလုံးအတွက် လိုအပ်သော လျှပ်စစ်ဓာတ်အားများကို နေ့စဉ်ထုတ်လွှတ်ပေးလျက်ရှိသည့် နိုင်ငံတော်ဖွံ့ဖြိုးရေးအတွက် အဓိကအရေးပါသော လျှပ်စစ်စွမ်းအားအရင်းအမြစ် ပြည်နယ်တစ်ခုလည်းဖြစ်ပါသည်။
ကယားပြည်နယ်သည် သဘာဝကဖန်တီးပေးထားသည့် သဘာဝသယံဇာတအခြေခံကောင်းများစွာရှိနေပြီးဖြစ်၍ မျက်မှောက်ကာလတွင် တည်ရှိပြီးသား သဘာဝအလှတရားများနှင့် သယံဇာတထွက်ကုန်များကို ထိထိရောက်ရောက်အသုံးချကာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဟန်ချက်ညီညီဝိုင်းဝန်းဆောင်ရွက်ကြခြင်းဖြင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝအလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာမည်ဖြစ်ပါသည်။
နိုင်ငံတော်အနေဖြင့်လည်း ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးအစရှိသော ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ဘက်ပေါင်းစုံမှအားပေးကူညီပြီး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
ထိုသို့ရရှိပြီး အခြေခံကောင်းများကို အမိအရဆုပ်ကိုင်၍ ကယားပြည်နယ် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများက နိုင်ငံတော်အစိုးရနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားကြရန် အထူးလိုအပ်နေချိန်ဖြစ်ပါသည်။
မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်မည်ဆိုပါက လွတ်လပ်ရေးနှင့်အတူ နယ်ချဲ့တို့၏သွေးခွဲအုပ်ချုပ်မှုပယောဂကြောင့် ပူးတွဲပါရှိလာခဲ့သော ပြည်တွင်းသောင်းကျန်းမှုဖြစ်စဉ်များ၊ လူမျိုးစွဲ၊ ဝါဒစွဲဖြစ်စဉ်များနှင့် တိုင်းရင်းသားများအကြားဖြစ်ပွားခဲ့ရသည့် သံသယဖြင့် စည်းလုံးညီညွတ်မှုပြိုကွဲခဲ့ကြရပါသည်။ ၎င်းအကျိုးဆက်များကြောင့် လက်နက်ကိုင်ပဋိပက္ခများသည် ယနေ့ထိတိုင် နှစ်ပေါင်းရှည်ကြာစွာဖြစ်ပွားလျက်ရှိသဖြင့် ယင်း၏ဆိုးကျိုးသက်ရောက်မှုများကြောင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာထိခိုက်မှုရှိခဲ့သည်ကို ကယားပြည်နယ်အပါအဝင် မိမိတို့အားလုံး လက်တွေ့ခံစားသိရှိကြပြီဖြစ်ပါသည်။
ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်အစိုးရတာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး အိမ်စောင့်အစိုးရဖွဲ့စည်းကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အခြေခံမူများဖြစ်သော ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်လျက်နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ တစ်နိုင်ငံလုံးဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် နိုင်ငံသားများ၏ လူမှုစီးပွားဘဝမြင့်မားတိုးတက်အောင် ဆောင်ရွက်ခြင်းသည် အရေးအကြီးဆုံးဖြစ်၍ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဆက်လက်ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ပါသည်။
လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးဟူသော အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ ကမ္ဘာပေါ်၌လူဦးရေ ၇ ဘီလီယံကျော်ရှိပြီး နိုင်ငံတိုင်းတွင် စားနပ်ရိက္ခာလိုအပ်ချက်များသည်အမြဲရှိနေသည်ဖြစ်ရာ အဆိုပါစားနပ်ရိက္ခာလိုအပ်ချက်များအား မိမိတို့နိုင်ငံရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိသည့် စားသောက်ကုန်များဖြင့် ဖြည့်တင်းနိုင်ရေးဆောင်ရွက်ရမည်ဖြစ်ပါသည်။ စီးပွားရေးအင်အားကောင်းလျှင် တိုင်းပြည်သာယာဝပြောပြီး တည်ငြိမ်မှုလည်းရရှိနိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် အခြေခံအားဖြင့် စီးပွားရေးအားကောင်းအောင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့က ကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် တစ်နိုင်ငံလုံးသာယာဝပြောလာနိုင်မည်ဖြစ်ပါသည်။
အလားတူ တိုင်းပြည်အလျင်အမြန်ဖွံ့ဖြိုးတိုးတက်ရန် အဓိကကျသည့် စီးပွားရေးလုပ်ငန်းများဖြစ်ပေါ်လာစေရေး အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများကို တိုးတက်မှုရှိအောင် ကြိုးပမ်းဖော်ဆောင်ပေးလျက်ရှိပါသည်။
မြန်မာနိုင်ငံတွင် ထုတ်ကုန်ပစ္စည်းနည်းပါးမှုကြောင့် ရောင်းဝယ်မှုနည်းပါးခြင်းဖြစ်၍ ထုတ်ကုန်ပစ္စည်းများကို အရည်အသွေးပြည့်မီစွာဖြင့် အရေအတွက်များပြားစွာထုတ်လုပ်နိုင်ရန်လိုအပ်ပါသည်။ ထုတ်ကုန်များရရှိရန် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)ကို အခြေခံသည့် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်ကောင်းစသည့် လိုအပ်ချက်များကို နိုင်ငံတော်အစိုးရက အတတ်နိုင်ဆုံး အစွမ်းကုန်ကူညီ အားပေးဆောင်ရွက်လျက်ရှိပါသည်။
MSME လုပ်ငန်းများ၏ ရည်ရွယ်ချက်သည် ပြည်တွင်းစီးပွားရေးအားပေးရန်၊ သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်ပစ္စည်းများကို တိုးမြှင့်တင်ပို့နိုင်ရန်ဖြစ်ပါသည်။ ထို့ကြောင့် MSME လုပ်ငန်းများအောင်မြင်လာစေရန်အတွက် မြန်မာနိုင်ငံ၏ သဘာဝအခြေအနေအရ ပြည်တွင်းရှိ ကုန်ကြမ်းများကို ကုန်ချောအဖြစ်ပြောင်းလဲထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများတိုးတက်လာအောင် ဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် သယံဇာတပစ္စည်းများမှ ထုတ်ကုန်ပစ္စည်းများကိုထိရောက်အကျိုးရှိစွာ အသုံးပြုခြင်းဖြင့် မိမိတို့နိုင်ငံ၏ စီးပွားရေးကဏ္ဍတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
တိုင်းရင်းသားလူမျိုးများပြားပြီး ကိုလိုနီနယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်မှုပယောဂကြောင့် မိမိတို့နိုင်ငံတွင် နိုင်ငံရေးပဋိပက္ခများသည် နက်နဲရှုပ်ထွေးလှပါသည်။ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆက်လက်ဆွေးနွေးညှိနှိုင်းရန်များကျန်ရှိနေဆဲဖြစ်သည်ကို အားလုံးက လက်ခံထားကြပါသည်။ တိုးတက်မှုရှိနေသည့် ငြိမ်းချမ်းရေးလမ်းစများအပေါ် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် သက်ဆိုင်သူအားလုံးက နိုင်ငံနှင့်ပြည်သူအကျိုးကိုရှေးရှုပြီး အပြုသဘောဖြင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်းက ငြိမ်းချမ်းရေးခရီးကို ပိုမိုထိရောက်စေနိုင်မည်ဖြစ်ကြောင်း အသိပေးလိုပါသည်။
ပဋိပက္ခများဖြင့် သံသရာလည်နေသည့် နိုင်ငံတိုင်းအတွက် ငြိမ်းချမ်းရေးခရီးမှာ အခက်အခဲအကျပ်အတည်းများ ရှိကြစမြဲဖြစ်ပါသည်။ ပါဝင်ပတ်သက်သူအားလုံး၏ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားသည့်ဆန္ဒ၊ နည်းလမ်းမှန်ကန်မှု၊ ငြိမ်းချမ်းစွာစေ့စပ်ညှိနှိုင်းလိုမှု၊ စိတ်ရှည်သည်းခံမှု၊ တစိုက်မတ်မတ်ကြိုးစားအားထုတ်မှုများရှိမှသာ ငြိမ်းချမ်းရေး လိုရာခရီးပေါက်မည်ဖြစ်သည့်အပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များသည် နိုင်ငံရေး၏အစိတ်အပိုင်းဖြစ်သော်လည်း နိုင်ငံရေး၏ လက်နက်တစ်ခုမဟုတ်ဘဲ နိုင်ငံတည်ဆောက်ရေးနှင့် အမျိုးသားအကျိုးစီးပွားအတွက် အဓိကဦးတည်လုပ်ဆောင်ပါမှသာ အနာဂတ်နိုင်ငံတည်ဆောက်ရေးကို အထောက်အကူဖြစ်စေမည် ဖြစ်ပါသည်။
လက်နက်ကိုင်ပဋိပက္ခများရှိနေသည့် ဒေသများတွင် ပဋိပက္ခများ၏ အကျိုးဆက်များကို ယင်းဒေသမှ ပြည်သူများတိုက်ရိုက်ခံစားနေကြပြီး ကျန်ပြည်သူများက သွယ်ဝိုက်၍ ခံစားနေကြရပါသည်။ လက်နက်ကိုင်တိုက်ခိုက်မှုများကြောင့် လူ့အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာဒေသဖွံ့ဖြိုးတိုးတက်ရေးကို အတားအဆီးဖြစ်စေရုံ သာမကကလေးငယ်များ၏ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု များကိုလည်းခက်ခဲစေပြီး ပဋိပက္ခများကြောင့် စီးပွားရေးကျဆင်းကာ ဆင်းရဲမှုနှုန်းမြင့်တက်စေခြင်းမှာ နိုင်ငံ၏အနာဂတ်အတွက် ရင်လေးဖွယ်ရာဖြစ်ပါသည်ကို သတိထားလုပ်ဆောင်ကြရန် တိုက်တွန်းမှာကြားလိုပါသည်။
တိုင်းရင်းသားပြည်သူအားလုံး၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုတည်ဆောက်နိုင်ရန် နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်အတူ နိုင်ငံ့ဝန်ထမ်းများအားလုံး၊ အရပ်ဘက်အဖွဲ့ အစည်းများအားလုံး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြမှသာ မျှော်မှန်းသည့်ပန်းတိုင်ကိုအချိန်တိုအတွင်း အောင်အောင်မြင်မြင်ရောက်ရှိနိုင်မည်ဖြစ်ပါသည်။ ထိုပန်းတိုင်သို့ရောက်ရှိရန် အဓိကကျသည့်အချက်မှာ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုသည့်အတိုင်း မိမိတို့တိုင်းရင်းသားအားလုံး မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် စည်းလုံးညီညွတ်ကြရန်နှင့် နိုင်ငံတော်ကို ဘက်ပေါင်းစုံမှ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန် လိုအပ်မည်ဖြစ်ပါသည်။
ယခုလတ်တလောအခြေအနေတွင် ပြည်ပနိုင်ငံများ၏ သွေးထိုးလှုံ့ဆော်မှုများ၊ သဘောထားကွဲလွဲပြီး နိုင်ငံနှင့်ပြည်သူအကျိုးကို မျက်ကွယ်ပြုလုပ်ဆောင်နေသော အချို့အဖွဲ့အစည်းများ၏ ဆောင်ရွက်မှုများ၊ ကျင့်ဝတ်ဖောက်ဖျက်ပြီး နိုင်ငံတော်ကို အန္တရာယ်ချောက်ကမ်းပါးထဲသို့ဆွဲချနေသည့် မဟုတ်မမှန်လုပ်ကြံသတင်းများ၊ သဘောထားမမှန်သည့် အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် NUG, CRPH, PDF အစရှိသည့် အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးဆောင်စည်းရုံးမှုနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသအချို့တွင်ရှိသည့် ပြည်သူလူထုအကြားအသိအမြင်များမှားပြီး ညီညွတ်မှုများပြိုကွဲကာ မငြိမ်းမချမ်းဖြစ်နေသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါသည်။ ထိုအခြေအနေများ၏ အကျိုးဆက်သည် နိုင်ငံတော်၏ကောင်းကျိုးကို ဖော်ဆောင်နိုင်မည်မဟုတ်သကဲ့သို့ နိုင်ငံတော်နှင့် ပြည်သူအားလုံးအတွက် အန္တရာယ်ဖြစ်စေကြောင်း သတိထားဆင်ခြင်နိုင်ကြရန် လိုအပ်ပါသည်။
ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ဒို့တာဝန်အရေးသုံးပါးကိုဦးထိပ်ထားပြီး တိုင်းရင်းသားပြည်သူများအကြား တိုင်းရင်းသားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ် အခြေခံကောင်းများပွားများဖြစ်ထွန်းအောင် ကြိုးပမ်းဆောင်ရွက်သွားကြရပါမည်။ မိမိတို့ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအကြား အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့် တည်ဆောက်ကြရာတွင် ကယားပြည်နယ်ရှိ တိုင်းရင်းသားများကလည်းအတွေးအခေါ် အယူအဆမှန်ကန်စွာဖြင့် စည်းစည်းလုံးလုံးဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အလေးအနက် တိုက်တွန်းအပ်ပါသည်။
နိဂုံးချုပ်အားဖြင့် ကယားပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများအားလုံး ဒေသတွင်းတည်ငြိမ်အေးချမ်းမှု ဖော်ဆောင်နိုင်သူများဖြစ်ကြပါစေ၊ ဒေသဖွံ့ဖြိုးရေး၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာရေးကို အားကြိုးမာန်တက်ဆောင်ရွက်နိုင်ကြပါစေ၊ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးစီးပွားတိုးတက်မြင့်မားရေးကို ဝိုင်းဝန်းဖော်ဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း သဝဏ်လွှာပေးပို့အပ်ပါသည်။
ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ
သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်
နိုင်ငံတော်ဝန်ကြီးချုပ်
ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ