Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကချီးမြှင့်သည့် ဘွဲ့တံဆိပ်များ ချီးမြှင့်ပေးအပ်

နေပြည်တော် ဇန်နဝါရီ ၁၂

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင်ကျင်းပခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ဘွဲ့ခံပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များကို တစ်ဦးချင်းချီးမြှင့်အပ်နှင်းခဲ့သည်။

အဆိုပါ ဂုဏ်ထူးဆောင်ဘွဲ့များအပ်နှင်းခြင်းအခမ်းအနားသို့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားသော်လည်းကောင်း တက်ရောက်ရယူနိုင်ခဲ့ခြင်းမရှိဘဲ အဝေးရောက်လက်ခံရယူနိုင်မည့် ဘွဲ့ခံပုဂ္ဂိုလ်များအား ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက ဂုဏ်ထူးဆောင်ဘွဲ့များ လက်ခံရယူမည့် ကာယကံရှင်မိသားစုဝင်များထံသို့ သွားရောက်ချီးမြှင့်အပ်နှင်းခဲ့ကြသည်။

ထိုသို့ ချီးမြှင့်အပ်နှင်းရာတွင် သတိုးမဟာသရေစည်သူဘွဲ့ရရှိသူ နိုင်ငံတော်ဝန်ကြီးချုပ် ဦးစိန်ဝင်း(ကွယ်လွန်)ကိုယ်စား သားဖြစ်သူဦးဇော်ဝင်းအားလည်းကောင်း၊ သရေစည်သူဘွဲ့ရရှိသူ အမှတ်(၂)စက်မှုဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်အောင်(ကွယ်လွန်)ကိုယ်စား ဇနီးဖြစ်သူ သီရိသုဓမ္မသိင်္ဂီ ဒေါ်ခင်သိန်းအားလည်းကောင်း၊ စည်သူဘွဲ့ရရှိသူ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်မှူးချုပ်သောင်းဒန်(ငြိမ်း)(ကွယ်လွန်)ကိုယ်စား သားဖြစ်သူ ဦးမျိုးဒန်အားလည်းကောင်း၊ စည်သူဘွဲ့ရရှိသူ နိုင်ငံတော်ကောင်စီဝင် ဦးထွန်းရင်လော (ကွယ်လွန်)ကိုယ်စား ဇနီးဖြစ်သူ ဒေါ်နန်းဗိုလ်လားအားလည်းကောင်း၊ စည်သူဘွဲ့ရရှိသူ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ဝင် ဗိုလ်ချုပ်ဉာဏ်လင်း (ကွယ်လွန်)ကိုယ်စား ဇနီးဖြစ်သူ ဒေါ်ဌေးဌေးရီကိုလည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့များအား ၎င်းတို့၏နေအိမ်များသို့ သွားရောက်၍ လက်ဝယ်အရောက် ချီးမြှင့်အပ်နှင်းခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမ၌လည်း ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဆုများချီးမြှင့်ခြင်းကို အစည်းအဝေးခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဆုရရှိကြသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လယ်ယာစီးပွားထူးချွန်ဆုရရှိသူ ၁ ဦး၊ ရဲကျော်စွာတံဆိပ်ရရှိသူ ၁ ဦး၊ ဇေယျာစီမံထူးချွန်ဆုရရှိသူ ၈၀ ဦးနှင့် ရဲဗလတံဆိပ်ရရှိသူ ၁ ဦး၊ စုစုပေါင်း ၈၃ ဦးတို့ကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှု ၁၁ မှုတို့တွင် ပူးပေါင်းပါဝင်၍ တာဝန်ထမ်းဆောင်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။