နေပြည်တော် ဇန်နဝါရီ ၁၁
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ (၂၆) ကြိမ်မြောက် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲများအတွက် ယှဉ်ပြိုင်မည့် စာမူနှင့် လက်ရာများ ဖိတ်ခေါ်ပါသည်။
(၁) ပြိုင်ပွဲဝင်ရမည့် ဆောင်ပုဒ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) “မူးယစ်ဆေးရန် တို့တွန်းလှန် ကြိုးစားတိုက်ဖျက် နိုင်ငံအတွက်”
(ခ) “မူးယစ်ကင်းစင် တို့ပြည်တစ်ခွင်၊ သာယာလှပ လူမှုဘဝ”
(ဂ) “ငါတို့ရဲ့အနာဂတ် သာယာလှပဖို့၊ မူးယစ်ကင်းစင်ကမ္ဘာ ဖန်တီးစို့”
(ဃ) “မျိုးဆက်သစ်များ တိုးတက်ဖို့ မူးယစ်ဆေးမှန်သမျှ တိုက်ထုတ်စို့”
(င) “လုံခြုံစိတ်ချ ပြည်သူ့ဘဝ မူးယစ်မှန်သမျှ တိုက်ဖျက်ကြ”
(စ) “မိသားစုနွေးထွေးမှုဖြင့် မိမိတို့၏ရင်သွေးများအား မူးယစ်ဆေးဝါး အန္တရာယ်မှ ကာကွယ်ကြပါစို့” (Photo Essay ယှဉ်ပြိုင်ရန်အတွက်သာ)
(ဆ) “လူသားချင်းစာနာ ကျန်းမာဖို့၊ စိန်ခေါ်မူးယစ်တိုက်ဖျက်စို့”
Addressing drug challenges in health and humanitarian crises.
(၂) ဝတ္ထုတိုနှင့် ဆောင်းပါး စာမူကို စာတစ်မျက်နှာတည်းတွင် သပ်ရပ်စွာရေး၍ သို့မဟုတ် ကွန်ပျူတာစာစီ၍ မူရင်းနှင့် မိတ္တူပေါင်း ၂ စောင် ပေးပို့ရမည်။ စာလုံးရေ ၃ဝဝဝ မှ ၅ဝဝဝ အတွင်း ဖြစ်သည်။
(၃) ကဗျာ စာမူကို စာတစ်မျက်နှာတည်းတွင် သပ်ရပ်စွာရေး၍ သို့မဟုတ် ကွန်ပျူတာစာစီ၍ မူရင်းနှင့်မိတ္တူပေါင်း ၂ စောင် ပေးပို့ရမည်။ မြန်မာကဗျာ စပ်ထုံးစပ်နည်းမှန်ကန်ပြီး စာကြောင်းရေ ၅ဝ မှ ၁ဝဝ (ပါဒ ၁ဝဝ မှ ၂၀၀) အတွင်း ရှိရမည်။
(၄) တေးသီချင်းသည် တစ်ဦးချင်း သို့မဟုတ် အဖွဲ့နှင့် သီဆိုနိုင်၍ ပရိသတ်နားစွဲလွယ်သော ကိုယ်ပိုင်သံစဉ် သီချင်းသစ်ဖြစ်ပြီး စကားလုံးကျစ်လျစ် ထိရောက်ရမည်။ အပြီးသတ် အချောသွင်းထားသော သီချင်း CD Master နှင့်အတူ စာသားကို သပ်ရပ်စွာရေး၍ (သို့မဟုတ်) ကွန်ပျူတာစာစီ၍ မူရင်း ၁ စောင်ကို ဂီတသင်္ကေတ မူရင်း ၁ စောင်နှင့်အတူ ပေးပို့ရမည်။
(၅) ဓာတ်ပုံသည် Photo Essay အဖြစ် ရောင်စုံ သို့မဟုတ် အဖြူအမည်းဖြစ်ပြီး ရွေးချယ်ထားသည့် ဆောင်ပုဒ်နှင့် လျော်ညီစွာရိုက်ကူးထားသော ပုံသေး 10" x 14" အရွယ် အနည်းဆုံး ၃ ပုံမှ အများဆုံး ၅ ပုံအထိ ထည့်သွင်းပေးပို့ရမည်။ အဆိုပါ ပြိုင်ပွဲဝင် ပုံများ၏ Original Files များနှင့် 10" x 14" ဓာတ်ပုံ၏ FINAL OUTPUT PRINT FILE ကို CD တွင် ထည့်သွင်းပေးပို့ရမည်။ မည်သည့်ကင်မရာအမျိုးအစားနှင့်မဆို ရိုက်ကူးနိုင်သည်။ မိမိကိုယ်တိုင် ရိုက်ကူးထားသော ပုံများသာဖြစ်ရပါမည်။ Digital အထူးပြုလုပ်ချက်များ ပြုလုပ်ခွင့်မရှိပါ။
(၆) ကွန်ပျူတာပိုစတာသည် ခေါင်းစဉ်နှင့်ရေးဆွဲမှု ထိရောက်သေချာရမည်။ တင်ပြပုံ ရှင်းလင်းသပ်ရပ်ရမည်။ ယှဉ်ပြိုင်သည့်ပုံအား A 4 Size စက္ကူနှင့်ပုံထုတ်ပြီး CD ဖြင့် ကူးယူရာတွင် မူရင်းပုံအပြင် JPEG Format ဖြင့်ပုံကိုသိမ်းဆည်း၍ ပေးပို့ရမည်။ ယခင်နှစ်များမှ ဆုရရှိပြီးသောပုံများအား ကူးယူရေးဆွဲခြင်းနှင့် ရေးဆွဲသည့်ပုံတွင် ရေးဆွဲသူ၏ ကိုယ်ရေး အချက်အလက်များ ထည့်သွင်းရေးဆွဲခြင်းမပြုရ။ ရေးဆွဲသည့်ပုံတွင် မိမိရွေးချယ်သော ခေါင်းစဉ်အား ပေါ်လွင်အောင် ထည့်သွင်းရေးဆွဲရမည်။ ကျောဘက် (သို့မဟုတ်) ပိုစတာဒီဇိုင်း၏ ညာဘက်အောက်ခြေတွင် လက်မှတ်ရေးထိုးရမည်။ ပိုစတာကို အလျားလိုက် (Landscape) ရေးဆွဲပေးပို့ရပါမည်။
(၇) ပန်းချီ၊ ကာတွန်း၊ ပိုစတာ ပြိုင်ပွဲများကို မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ဟူ၍ ၃ ဆင့် ယှဉ်ပြိုင်ခွင့်ပြုသည်။ မူလတန်းအဆင့် (Grade 2 - Grade 5)၊ အလယ်တန်းအဆင့် (Grade 6 - Grade 9)နှင့် အထက်တန်းအဆင့် (Grade 10 - Grade 11) ဖြစ်ပါသည်။ ရေးဆွဲမည့်စက္ကူ ယူလာရန်မလိုပါ။ 15" x 20" အရွယ် ရေးဆွဲရမည်။ ခဲတံ(သို့မဟုတ်) ရောင်စုံခဲတံဖြင့် ရေးဆွဲခြင်းမပြုရ။ နှစ်သက်ရာဆေးကိုယူလာပြီး နှစ်သက်ရာနည်းဖြင့် ပန်းချီ၊ ပိုစတာ ရေးဆွဲချိန် ၃ နာရီ၊ ကာတွန်းရေးဆွဲချိန် ၂ နာရီ သတ်မှတ်၍ ကျောဘက်တွင် လက်မှတ်ရေးထိုးရမည်။
(၈) ကွန်ပျူတာပန်းချီပြိုင်ပွဲကို အလယ်တန်းနှင့် အထက်တန်းဟူ၍ နှစ်ဆင့်ခွဲပြီး ယှဉ်ပြိုင်ခွင့်ပြုသည်။ အလယ်တန်းအဆင့် (Grade 6 - Grade 9 )နှင့် အထက်တန်းအဆင့် (Grade 10 – Grade 11) ဖြစ်ပါသည်။ မူလတန်းအဆင့်ကျောင်းသား/သူများ ပါဝင်ယှဉ်ပြိုင်လိုပါက အလယ်တန်းအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်သည်။ ပြိုင်ပွဲအချိန်အတွင်း ရေးဆွဲထားသောပုံဖြစ်ရမည်။ အသင့်ရေးဆွဲထားသောပုံ မပါစေရ။ Software Programme ကို Corel draw, Photoshop, Claris office ကြိုက်ရာတစ်မျိုးမျိုးဖြင့် ရေးဆွဲနိုင်ပါသည်။ ရေးဆွဲချိန် ၃ နာရီ သတ်မှတ်သည်။ ယှဉ်ပြိုင်သည့် ပုံအား A4 Size စက္ကူနှင့် ပုံထုတ်ပြီး CD ဖြင့် ကူးယူရာတွင် မူရင်းပုံအပြင် JPEG Format ဖြင့် ပုံကိုသိမ်းဆည်း၍ ပေးပို့ရမည်။ ယခင်နှစ်များမှ ဆုရရှိပြီးသောပုံများအား ကူးယူရေးဆွဲခြင်းမပြုရ။
(၉) ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ ပြိုင်ပွဲတို့တွင် ပြိုင်ပွဲတစ်ခုစီအတွက် တစ်ဦးလျှင် စာမူတစ်စောင်၊ တေးသီချင်း ပြိုင်ပွဲတွင် တစ်ဦးလျှင်တစ်ပုဒ်၊ ကွန်ပျူတာပိုစတာ ပြိုင်ပွဲတွင် တစ်ဦးလျှင် တစ်ပုံ ယှဉ်ပြိုင်ခွင့်ရှိသည်။
(၁၀) ဓာတ်ပုံ ပြိုင်ပွဲဝင်တစ်ဦးလျှင် 10" x 14" လက်မအရွယ် Photo Essay အနည်းဆုံး ၃ ပုံမှ အများဆုံး ၅ ပုံအထိ ယှဉ်ပြိုင်နိုင်သည်။ ပုံများ၏အကြောင်းအရာ Caption ကို စာကြောင်းရေ ၅ ကြောင်းခန့်ရေးသားပြီး ဓာတ်ပုံ၏နောက်ဘက်တွင် ကပ်ထားရမည်။ ပြိုင်ပွဲဝင် ၁ ဦးလျှင် ဆုကြီး ၁ ဆုနှင့် နှစ်သိမ့်ဆု ၂ ဆု ခံစားခွင့်ရှိသည်။ Photo Essay ကို “မိသားစုနွေးထွေးမှုဖြင့် မိမိတို့၏ရင်သွေးများအား မူးယစ်ဆေးဝါး အန္တရာယ်မှ ကာကွယ်ကြပါစို့” ခေါင်းစဉ်ဖြင့် သီးသန့်ယှဉ်ပြိုင်ရမည်။
(၁၁) ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲဝင်များသည် အတန်း အထောက်အထားအတွက် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၏ ထောက်ခံချက်ဖြင့် တိုင်းဒေသကြီး/ ပြည်နယ် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့များမှ ကြီးမှူးကျင်းပသည့် လက်တွေ့ရေးဆွဲ ယှဉ်ပြိုင်ပွဲများမှတစ်ဆင့် ဝင်ရောက်ယှဉ်ပြိုင်ကြရမည်။ တိုင်းဒေသကြီး/ ပြည်နယ် များမှ သင့်လျော်သည့် နေ့ရက်တွင် ပြိုင်ပွဲကျင်းပရမည်။
(၁၂) ပြိုင်ပွဲဝင်များအားလုံးသည် ပတ်စ်ပို့အရွယ် ဓာတ်ပုံ ၂ ပုံ၊ အမည်ရင်း၊ ကလောင်အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရန်ဖုန်းနံပါတ်၊ ကိုယ်ရေးအကျဉ်း၊ ကိုယ်တိုင်ရေးသား၊ သီကုံး၊ ရိုက်ကူး၊ ရေးဆွဲခြင်းဖြစ်ကြောင်း၊ မည်သည့် စာစောင်တွင်မှ ပုံနှိပ်ဖော်ပြဖူးခြင်း မရှိကြောင်းနှင့် ဆုရရှိခဲ့ဖူးခြင်းမရှိကြောင်း ဝန်ခံချက် ပူးတွဲပေးပို့ရမည်။
(၁၃) ပြိုင်ပွဲဝင် စာမူများနှင့် လက်ရာများကို တာဝန်ခံ၊ မူးယစ်ပြတိုက်၊ ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးသို့ လိပ်မူပေးပို့ရမည်။ ဆက်သွယ်ရန် ဖုန်းအမှတ်မှာ ၁၁၅ဝ၅၂၆၁ ဖြစ်ပါသည်။
(၁၄) ပြိုင်ပွဲဝင်စာမူနှင့် လက်ရာများ၊ နောက်ဆုံးရောက်ရှိရမည့် နေ့ရက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) တေးသီချင်း ၂၁-၃-၂၀၂၃
(ခ) ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ ၂၁-၃-၂၀၂၃
(ဂ) ကွန်ပျူတာပိုစတာ ၂၈-၃-၂၀၂၃
(ဃ) ဓာတ်ပုံ ၇-၄-၂ဝ၂၃
(င) ပန်းချီ၊ ကာတွန်း၊ ပိုစတာ ၂ဝ-၄-၂ဝ၂၃
(စ) ကွန်ပျူတာပန်းချီ ၂၆-၄-၂ဝ၂၃
(၁၅) ပြိုင်ပွဲအားလုံးတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု ၃ ဆုရွေးချယ်မည်ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များမှ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ဆုချီးမြှင့်မည် ဖြစ်ပါသည်။ အလွတ်တန်းပြိုင်ပွဲများမှ ပထမဆုရရှိသူ ၆ ဦးကို နေပြည်တော်တွင် ဆုချီးမြှင့်မည် ဖြစ်ပါသည်။
(၁၆) ရွေးချယ်ခြင်းမခံရသည်များကို ပြန်လည်ပေးပို့မည်မဟုတ်ပါ။