Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကျင်းပ

နေပြည်တော် ဩဂုတ် ၄

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွတ်တော် အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် လက်ပံတန်း မဲဆန္ဒနယ်မှ ဦးကျော်မင်း၏ လက်ပံတန်းမြို့နယ်၊ မကျီးကွင်းကျေးရွာ အုပ်စုပိုင် စားကျက်မြေ (၁၆၃ ဒသမ ၆၂) ဧက စားကျက်မြေ အားလုံးကို တည်ဆဲဥပဒေများနှင့် ညီညွတ်ခြင်းမရှိဘဲ ပယ်ဖျက်ခဲ့သည့်အတွက် မည်သို့ ပြန်လည်ဆောင်ရွက် ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က  ၂၀၂၀ ပြည့်နှစ် ဇွန် ၂၈ ရက်တွင် လက်ပံတန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံး၌ ညှိနှိုင်းဆွေးနွေးသဘောတူ ဆုံးဖြတ်ချက်အရ မိုးပုလဲဖြူ ကုမ္ပဏီ(ယခင် မဏိကမ္ဘာကုမ္ပဏီ)က လက်ရှိ လုပ်ကိုင်နေသော ဧရိယာ ၉၁ ဒသမ ၅၅ ဧကအနက်မှ ၅၁ ဒသမ ၅၅ ဧကအား ဒေသဖွံ့ဖြိုးရေးအတွက် ပြန်လည်သုံးစွဲနိုင်ရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ပြန်လည်အပ်နှံသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ နှုတ်ပယ် ခွင့်ပြုပြီး စားကျက်မြေဧရိယာ ၁၆၃ ဒသမ ၆၂ ဧကအနက် အခြားမြေ ၂၀ ဒသမ ၁၆ ဧကသည်  လက်ရှိမြေပြင်တွင် လမ်းမြေ ၄ ဒသမ ၀၅ ဧက၊ အိုင်မြေ ၁ ဒသမ ၈၆ ဧက၊  ရိုးမြေ ၆ ဒသမ ၅၄ ဧကနှင့် ကျန်အခြားမြေ ၇ ဒသမ ၇၁ ဧကတို့အား အသုံးချဆောင်ရွက် ထားရှိရာ အဆိုပါ အခြားမြေ ၂၀ ဒသမ ၁၆ ဧကအနက် လမ်းမြေ ၄ ဒသမ ၀၅ ဧကကို  ချန်လှပ်၍ စုစုပေါင်း ၁၆ ဒသမ ၁၁ ဧကကို ကျွဲ၊ နွားများ လွှတ်ကျောင်း မွေးမြူနိုင်ရန်အတွက် စားကျက်မြေအဖြစ် ပြန်လည်သတ်မှတ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။

သပိတ်ကျင်း မဲဆန္ဒနယ်မှ ဒေါက်တာဦးအောင်နိုင်၏ သပိတ်ကျင်းမြို့နယ်အတွင်း အုန်းဇုန်းကျေးရွာ အုပ်စုနှင့် ချောင်းကြီးကျေးရွာအုပ်စု (၂) ခု၏ အုပ်စုခြားနယ်နိမိတ် သတ်မှတ်ပေးရန်နှင့် သပိတ်ကျင်း မြို့နယ်နှင့် စဉ့်ကူးမြို့နယ် (၂) ခုကြား တိကျသော မြို့နယ်ခြား နယ်နိမိတ် သတ်မှတ်ပေးရန်ကိစ္စအား သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဦးတင်မြင့်က  ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၃၁ ရက်တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူးများ၊ နှစ်ဖက် မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ခရိုင်နှင့်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာနမှူးများ၊ ခရိုင်နှင့် မြို့နယ် သစ်တောဦးစီးမှူးများပါဝင်သော အဖွဲ့ဖြင့် ထပ်မံကွင်းဆင်းခဲ့ရာတွင် ပဏာမ ကွင်းဆင်း စစ်ဆေးသတ်မှတ်ထားသည့် မြို့နယ်ခြား နယ်နိမိတ်သတ်မှတ်ချက်များအပေါ် ဒေသခံများက လက်ခံနိုင်ခြင်း မရှိသည်ကို သိရှိရပါကြောင်း၊ မြို့နယ်ခြားနယ် နိမိတ်ကို အဆိုပါအတိုင်း သတ်မှတ်မည် ဆိုပါက မလိုလားအပ်သော အငြင်းပွားမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် နှစ်ဖက်မြို့နယ်မှ  သက်ဆိုင်ရာ ဌာနများမပါဝင်ဘဲ တိုင်းဒေသကြီးအဆင့်မှ ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့် အဖွဲ့ဖြင့် အဆင့်မြင့် တိုင်းတာရေးစက်များ အသုံးပြု တိုင်းတာနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ရှင်းလင်း ဖြေကြားသည်။

မြန်အောင် မဲဆန္ဒနယ်မှ ဦးခင်မောင်လတ်၏ မြန်အောင်မြို့နယ်တောင်ရိုးဒေသ ထိန်သေးကုန်း မြေပြာအင်ပင် လမ်းပေါ်ရှိ ရေသိုးချောင်း တံတားအား အမာခံတံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းက အဆိုပါ သစ်သားတံတားကို ပေ ၆၀ အရှည် ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ရန်  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေ တွင် ထည့်သွင်းလျာထားပြီး ရန်ပုံငွေရရှိမှု အပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ငပုတော မဲဆန္ဒနယ်မှ ဦးသန်းအောင်၏ ငပုတောမြို့နယ်၊ ချောင်း၀ကျေးရွာနှင့် အောက်သောင်း ကျေးရွာသို့ ဆက်သွယ်သော ပျက်စီးနေ သည့် တံတားအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အမီ ပြန်လည် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ် လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း က အဆိုပါ သစ်သားတံတားသည် ချောင်းဝကျေးရွာအတွင်းရှိ အိမ်ခြေ ၆၄၅ အိမ်၊ လူဦးရေ ၂၂၀၀ ကျော် တို့အား အကျိုးပြုသည့် တံတားဖြစ်ပါကြောင်း၊ အဆိုပါ တံတားအသစ် ပြန်တည်ဆောက်ရန်အတွက်  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတင်ပြထားခြင်း မရှိပါသဖြင့် အဆိုပါ သစ်သားတံတားကို ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး တံတားအသစ် တည်ဆောက်ခြင်းလုပ်ငန်းကို နောက်ပိုင်းဘဏ္ဍာနှစ်များ ကာလတွင် ရန်ပုံငွေတင်ပြ တောင်းခံပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ထီးချိုင့် မဲဆန္ဒနယ်မှ ဦးမောင်မောင်၏ ထီးချိုင့်မြို့နယ်ရှိ ခုတင် ၅၀ ဆံ့ ဆေးရုံသစ်အား မည်သည့်အချိန်တွင် ဖွင့်လှစ်မည်နှင့်  လက်ရှိ အသုံးပြုနေသော ဆေးရုံဟောင်းအား မည်သို့ဆက်လက် အသုံးပြုမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ထီးချိုင့်မြို့နယ် ခုတင် ၅၀ ဆံ့ဆေးရုံသစ်မြေနေရာတွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်က တိုးချဲ့ နှစ်ထပ်လူနာဆောင်နှင့် ၆ ခန်းတွဲ လေးထပ်ဝန်ထမ်းအိမ်ရာ အဆောက်အဦ များအား ဆောက်လုပ်ပေးခဲ့ပြီး တိုးချဲ့နှစ်ထပ် အဆောက်အဦ လူနာဆောင် သီးသန့်ဖြစ်၍ ကုသရေး ဝန်ဆောင်မှုများ ဆောင်ရွက်ရန် အဆောက်အဦထပ်မံလိုအပ်သည်ကို စိစစ်တွေ့ရှိ ပါကြောင်း၊ ကုသရေးအတွက် လိုအပ်သည့် ခွဲစိတ်ခန်း၊ သားဖွားခန်း၊ ဓာတ်မှန်ခန်းပါ နှစ်ထပ်အဆောက်အဦ ဆောက်လုပ်ရန် ၂၀၁၉-၂၀၂ဝ ဘဏ္ဍာနှစ်၌ ခွင့်ပြုငွေ ငွေကျပ် ၁၇၇ ဒသမ၃၀၀ သန်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၌ လျာထားငွေ ငွေကျပ် ၃၉၉ ဒသမ ၅၀၀ သန်းပါရှိပြီး ဆောက်လုပ်လျက်ရှိပါကြောင်း၊ ခုတင် ၅၀ ဆံ့ ဆေးရုံသစ်အား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်လျက် ရှိနေပါကြောင်း။

လက်ရှိ အသုံးပြုလျက်ရှိသော ဆေးရုံဟောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ရောဂါ တိုက်ဖျက်ရေးဌာန၊ မိခင်နှင့် ကလေး ကျန်းမာရေးဌာန၊ ကျောင်းကျန်းမာရေးဌာန၊ ငှက်ဖျားရောဂါ တိုက်ဖျက်ရေးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာန၊ တီဘီရောဂါ တိုက်ဖျက်ရေးဌာန၊ ခုခံကျ ကာလသားရောဂါ တိုက်ဖျက်ရေးဌာန၊ အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်း၊ တိုးချဲ့ကာကွယ် ဆေးထိုးလုပ်ငန်း၊ ဆီးချို၊ သွေးတိုးရောဂါ တိုက်ဖျက်ရေးလုပ်ငန်း၊ ဖွားသေစာရင်းလုပ် ငန်းများနှင့်အတူ ပြင်ပလူနာ ကုသရေးဌာနအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ပခုက္ကူ မဲဆန္ဒနယ်မှ ဦးပိုက်ကို၏ ပခုက္ကူမြို့နယ်၊ မန်ကျဉ်းပင်ပုကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က မန်ကျဉ်းပင်ပုကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အသစ်တိုးချဲ့ ဖွင့်လှစ်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ရာ ဝန်ကြီးဌာနက စီမံကိန်းနှင့် ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့သို့ ဝန်ထမ်းအင်အား၊ ဖွဲ့စည်းပုံ အဆိုပြုချက်နှင့်အတူ ညှိနှိုင်းပေးပို့ထားပြီးဖြစ်ပါကြောင်း၊ သို့ရာတွင် ပြည်ထောင်စု ဝန်ကြီးဌာနများက အမှုတွဲ တင်ပြရာတွင် အချိန်ကြန့်ကြာမှု မရှိစေရန် One Stop Service ပုံစံနှင့် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ထုတ်ပြန်ထားသော မူဝါဒနှင့် လုပ်ငန်းစဉ်များအား ပြင်ဆင်ထုတ်ပြန်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ၎င်းမူဝါဒအသစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးမှသာ မူဝါဒအသစ်နှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်းကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ အကြောင်း ပြန်ကြားလာပါကြောင်း၊ သို့ပါ၍ ပြည်ထောင်စုအစိုးရအဖွဲ့၏ မူဝါဒအမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးမှသာ ပခုက္ကူမြို့နယ် မန်ကျဉ်းပင်ပုကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အသစ်တိုးချဲ့ဖွင့်လှစ်ခွင့် ရရှိရန် ဆက်လက်ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ဆက်လက်၍ ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီး၏ ကလေးမြို့နယ်အတွင်း မြစ်သာမြစ် အရှေ့ဘက်ခြမ်းရှိ ကျေးရွာချင်း ဆက်လမ်းပိုင်းများအား တစ်ဆက်တစ်စပ်တည်း သွားလာနိုင်ရေးအတွက် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်းကလည်းကောင်း၊ ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးဉာဏ်လင်း၏ ရွှေပြည်သာ မြို့နယ်တွင် ဘောလုံးကွင်းနှင့် ယှဉ်တွဲ၍ လေ့ကျင့်ရေးပစ္စည်းများနှင့်အတူ ပြေးခုန်ပစ် အားကစားကွင်း တစ်ကွင်းကို ၂၀၂၀-၂၀၂၁ ခု  ဘတ်ဂျက်နှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ ရွှေဘိုမဲဆန္ဒနယ်မှ ဒေါက်တာ အေဇင်လတ်၏ ကျန်းမာရေးနှင့် ညီညွတ်သော သောက်ရေသန့်အား ထုတ်လုပ်ဖြန့်ဖြူး သယ်ယူရောင်းချခြင်းစနစ်ဖြစ်စေရန် မည်သို့ပညာပေး ကြီးကြပ်ဆောင်ရွက် နေသည်ကို သိလိုခြင်းမေးခွန်းနှင့် လေးမျက်နှာ မဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်း၏ မြန်မာနိုင်ငံ၏ ကဏ္ဍပေါင်းစုံပါဝင်သော အမျိုးသားအာဟာရ ဖွံ့ဖြိုးမှုဆိုင်ရာ (၅) နှစ်စီမံကိန်း (Multi Sectorial National Plan of Action on Nutrition MS- NPAN) ဆောင်ရွက်နေမှုများကို သိလိုခြင်း မေးခွန်းတို့နှင့် စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်ကလည်းကောင်း ရှင်းလင်းဖြေကြား ကြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က လျှပ်စစ်နှင့်စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက တင်သွင်းသည့် ရေနံစူးစမ်း ရှာဖွေခြင်း၊ ရေနံတူးဖော် စမ်းသပ်ခြင်းနှင့် ရေနံထုတ်လုပ်ခြင်း ဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ တင်ပြချက်အတိုင်း  ပြင်ဆင်ချက်ဖြင့် အတည်ပြုရန် လွှတ်တော်၏ သဘောထားရယူရာ သဘောမတူသူ မရှိသည့်အတွက်  အတည်ပြု ကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

ယင်းနောက် ခရမ်းမဲဆန္ဒနယ်မှ ဒေါက်တာအေးမင်း တင်သွင်းသည့် ပုဂ္ဂလိက ပြင်ပဆေးကုခန်းဆရာဝန်  (G.P General practitioner- အထွေထွေရောဂါကုဆရာဝန်) များ၊ အခြားကျန်းမာရေးဆိုင်ရာ ပညာရှင်များနှင့် ဒေသတွင်း စိတ်ပါဝင်စားသူများ ပါဝင်သည့် စား/သုံး/နေထိုင်မှုဆိုင်ရာ ကျန်းမာရေး အသိပညာပေး အဖွဲ့ကဲ့သို့သော အဖွဲ့များဖွဲ့စည်း၍  ပြည်သူလူထုအတွင်း ကျန်းမာရေးဆိုင်ရာ အသိပညာများ ထိထိရောက်ရောက်၊ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးခြင်းဖြင့် ပြည်သူလူထု၏ ကျန်းမာရေး အဆင့်အတန်း မြှင့်တင်ပေးပါရန်  ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။

ကျောက်တန်း မဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးက ကူးစက်တတ်သောရောဂါ မဟုတ်သည့် ရောဂါအများစုသည် လူတို့၏ အပြုအမူ အနေအထိုင်၊ အစားအသောက်၊ ဘဝနေထိုင်မှုပုံစံနှင့် များစွာ ပတ်သက်နေပါကြောင်း၊ မြန်မာနိုင်ငံတွင်ရှိသည့် ကျန်းမာရေးပြဿနာသည် ဆင်းရဲမွဲတေမှု၊ ဆေးရုံ၊ ဆေးခန်း၊ ဆေးဝါးလက်လှမ်းမမီမှုအပြင် ကျန်းမာရေးဗဟုသုတအပေါ်တွင်လည်း များစွာ ပတ်သက်နေသည့်အတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအားဖြင့် ဖြည့်ဆည်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့ပြင်ဒေသကို အခြေခံ၍ အလိုအပ် ဆုံးသော ပညာပေးလုပ်ငန်းများ၊ ကာကွယ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ရောဂါဖြစ်ပွားမှုနှုန်း၊ သေဆုံးမှုနှုန်းကို လျှော့ချစေ နိုင်မည်ဖြစ်ပါကြောင်း အကြံပြု ထောက်ခံဆွေးနွေးသည်။

တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီးစိုင်းအိုက်လှက ကျန်းမာရေး မြှင့်တင်ရန် ကောင်းမွန်သော မြို့ပြစနစ်ကို တည်ထောင်ရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်သည့်၊ အားကစားလုပ်နိုင်သည့် လမ်းများ၊ အပန်းဖြေနေရာများ များစွာရှိနိုင်ရန်အတွက် ဒီဇိုင်းရေးဆွဲခြင်း၊ လေထု၊ ရေထု ညစ်ညမ်းမှုနည်းပါးအောင် ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ကျန်းမာရေးဆိုင်ရာ အသုံးစရိတ်များကို ဘဏ္ဍာနှစ်အလိုက် တိုးမြှင့်သုံးစွဲနေ သော်လည်း ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ကဏ္ဍတို့တွင် သုံးစွဲသည့် အသုံးစရိတ်တို့ကို ညီညွတ် မျှတရန်အတွက် ဘဏ္ဍာနှစ်အလိုက် ရေရှည်တည်တံ့ခိုင်စေသည့် မူဝါဒချမှတ်ရန် ကိုလည်း အကြံပြု လိုပါကြောင်း၊ ကျန်းမာရေးမြှင့်တင်ခြင်းသည် ကျယ်ပြန့်ပြီး Community Level  တစ်ခုတည်း မဟုတ်ဘဲ နိုင်ငံတော် အဆင့် ပြည့်စုံသော မူဝါဒများချမှတ်ပြီး ဝန်ကြီးဌာနများ ချိတ်ဆက်၍ ကောင်းမွန်လက်တွေ့ ကျသော ဥပဒေများအပြင် နည်းပညာအကူညီ များကို ရယူဆောင်ရွက်သင့်ပါကြောင်း ဆွေးနွေးသည်။

အလားတူ စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ ဆိပ်ဖြူ မဲဆန္ဒနယ်မှ ဦးအောင်သိုက်နှင့် တွံတေး မဲဆန္ဒနယ်မှ ဦးမြင့်လွင်တို့က ဆွေးနွေးကြသည်။

အဆိုနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြိးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဝန်ကြီးဌာန၏ ကျန်းမာရေး ရည်မှန်းချက်များဖြစ်သည့် လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာ နေနိုင်ရေးနှင့် လူတိုင်းရောဂါဘယ ကင်းရှင်းရေးတို့ကို ရရှိနိုင်ရေးအတွက် အကောင်အထည်ဖော် လျက်ရှိသော နည်းဗျူဟာများအနက် ပထမ ဦးစားပေးနည်းဗျူဟာသည် ကျေးလက်ဒေသ အောက်ခြေအထိ ကျန်းမာရေးအသိပညာပေး လုပ်ငန်းဖြစ်ပါကြောင်း၊ ပြင်ပဆရာဝန်များနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် မြန်မာနိုင်ငံဆရာဝန်အသင်း၊ အထွေထွေရောဂါကုဆရာဝန်များ အဖွဲ့နှင့် တွဲဖက်၍ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပြီး မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဆောင်ရွက်နေသည့် စီမံချက်လုပ်ငန်းများတွင် ကျန်မာရေး အသိပညာ မြှင့်တင်ရေး လုပ်ငန်းများကို အမြဲတစေ ပါဝင်စေလျက် စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိပါကြောင်း။

ကျန်းမာရေးနှင့် သက်ဆိုင်သည့် သတိပေးနှိုးဆော်ချက်များ၊ ပညာပေး ဇာတ်လမ်းတိုများ၊ အဓိက အသိပေးလိုသော အကြောင်းအရာများကို ပြန်ကြားရေးဝန်ကြီးဌာန MRTV၊ မြန်မာ့အသံရေဒီယို၊ တိုင်းရင်းသား အသံလွှင့်အစီအစဉ်များ၊ FM ရေဒီယိုများ၊ ဒေသဆိုင်ရာ FM ရေဒီယို များနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာန၏ Facebook စာမျက်နှာ၊ ဝန်ကြီးဌာနရှိ ဦးစီးဌာနများ၊ ဆေးနှင့် ဆေးနှီးနွှယ်တက္ကသိုလ်များ၊ ကျန်းမာရေး စီမံချက်များ၏ Facebook နှင့် Viber စာမျက်နှာများ၊ ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာများတွင်  ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းများကို Online မှတစ်ဆင့် ကျယ်ပြန့်စွာ ဆောင်ရွက် ပေးလျက်ရှိသည့်အတွက် အဆိုအား မှတ်တမ်းတင်သင့်ပါကြောင်း ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားမေးမြန်းရာ အဆိုရှင်က မှတ်တမ်း တင်ပေးပါရန် ပြောကြားသည်။

ဆက်လက်၍  ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား မှတ်တမ်းတင်ရန် လွှတ်တော်၏ သဘောထားကိုရယူရာ သဘောမတူသူ မရှိသည့် အတွက် မှတ်တမ်းတင်မည်ဖြစ်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး နဝမနေ့ကို ဩဂုတ် ၆ ရက်တွင် ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

 

အေးအေးသန့်