Skip to main content

စစ်မှန်ပြီးစည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီနိုင်ငံ

မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိပြီးသည့်အချိန်မှစ၍ နှစ်ပေါင်း ၇၀ ကျော်အတွင်း ပါလီမန်ဒီမိုကရေစီခေတ်၊ ဆိုရှယ်လစ်ဒီမိုကရေစီခေတ်၊ တပ်မတော်ခေတ်၊ ဒီမိုကရေစီခေတ်ဟူ၍ ခေတ်လေးခေတ်ဖြင့် ဖြတ်သန်းခဲ့ရာတွင် ပြည်သူများလိုလား နှစ်သက်ကြသည့်ခေတ်မှာ ဒီမိုကရေစီခေတ် ဖြစ်သည်။ ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည် အဓိကကျသည့် ကဏ္ဍဖြစ်သည်။ ရွေးကောက်ပွဲဖြင့် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို ပြည်သူကိုယ်စား တာဝန်ယူဆောင်ရွက်ကြသည်။

မြန်မာနိုင်ငံ၌ ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတိုင်းတွင် ပြဿနာများအနည်းနှင့်အများဆိုသလိုရှိခဲ့သည်။ နိုင်ငံတကာတွင်လည်း ရွေးကောက်ပွဲတိုင်း၌ မသမာမှုများ၊ မှားယွင်းမှုများ အနည်းနှင့်အများဆိုသလိုရှိကြသည်။ သို့သော် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ရွေးကောက်ပွဲပြဿနာများကို ဖြေရှင်းဆောင်ရွက်ခဲ့ကြသည်။ မြန်မာနိုင်ငံတွင် မျက်မှောက်ကာလ၌ ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် ရွေးကောက်ပွဲများပြုလုပ်၍ ဒီမိုကရေစီခေတ်ကို လျှောက်လှမ်းခဲ့သည်။ ပထမအကြိမ်နှင့် ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ကြုံတွေ့ခဲ့သည့် ပြဿနာများကို ပွင့်လင်းမြင်သာစွာဖြင့် ဖြေရှင်းနိုင်ခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် ဖြစ်ပေါ်လာသည့် မဲမသမာမှုပြဿနာများကို ဖြေရှင်းပေးခြင်းမရှိခဲ့၍ မြန်မာ့နိုင်ငံရေးသမိုင်းတွင် စွန်းထင်းညစ်ထေးမှုဖြစ်ပေါ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ မဲမသမာမှုများဖြစ်ပေါ်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖွံ့ဖြိုးဆဲအခြေအနေကို အညွန့်ချိုးခံရသကဲ့သို့ဖြစ်ခဲ့သည်။ ထိုကဲ့သို့ အခြေအနေမျိုး ထပ်မံဖြစ်ပေါ်ခြင်းမရှိစေရန်အတွက် တည့်မတ်ဆောင်ရွက်ကြရမည်ဖြစ်သည်။ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားရေးအတွက် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲများသည် အရေးပါသည့်အခန်းကဏ္ဍတွင်ရှိနေသည်။ ထို့ကြောင့်ရွေးကောက်ပွဲကျင်းပရေးနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ် နောက်ဆုံးအချက်တွင် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရသည့်ပါတီကို ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” ဟု အတိအလင်းဖော်ပြထားသည်။

 

ရွေးကောက်ပွဲ၌ မဲမသမာမှုများမဖြစ်ပေါ်စေရေးတွင် မဲစာရင်းများ မှန်ကန်ရေးသည် အရေးကြီးသည့်အချက်ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းများမမှန်ကန်မှုကို အကြောင်းပြု၍ မသမာမှုများဖြစ်ပေါ်လာသည်ကို သင်ခန်းစာယူဖွယ် တွေ့ရှိရပြီးဖြစ်သည်။ မဲစာရင်းများမှန်ကန်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်သည်။ ယခုအချိန်တွင် စာရင်းဇယားများမှန်ကန်ရေးအတွက် အဆင့်လိုက်ဆောင်ရွက်နေသည်ကို တွေ့ရပြီးလိုအပ်ပါက ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးကို ပြုလုပ်သွားမည်ဟု သိရသည်။ “ရွေးကောက်ပွဲကျင်းပချိန်တွင်မဲပေးခြင်း၊ မပေးခြင်းသည် လူတစ်ဦးချင်း၏ဆန္ဒဖြစ်ပြီး လူတိုင်းမဲပေးနိုင်အောင် ပြုလုပ်ပေးခြင်းသည် အစိုးရ၏တာဝန်ပင်ဖြစ်ကြောင်း” (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့တွင် နိုင်ငံတော်အကြီးအကဲ၏ ပြောကြားချက်အတိုင်း အကောင်အထည်ဖော်နေသည်ကို တွေ့ရသည်။

တိုင်းရင်းသားပြည်သူများအနေဖြင့် ၎င်းတို့၏ အခွင့်အရေးများ၊ နစ်နာမှုများအား ဥပဒေပြုရေးကဏ္ဍတွင် အမြင့်ဆုံးဖြစ်သည့် လွှတ်တော်တွင် တရားဝင်ပြောဆို ခွင့်၊ ဆွေးနွေးခွင့်၊ ကျယ်ပြန့်စွာ ကိုယ်စားပြုခွင့်ရရှိရေးအတွက် ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြု(PR)စနစ်ဖြင့် ကျင်းပနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိသည်။ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာသော ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အတွက် နိုင်ငံတစ်ဝန်း လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုရှိစေရန် နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူလူထု တစ်ရပ်လုံးနှင့် လက်တွဲဆောင်ရွက်သွားမည်ဖြစ်သည်။

သို့ဖြစ်ရာ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပြည်သူများအနေဖြင့် ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ ဖိအားပေးမှု ကင်းရှင်းစွာဖြင့် တစ်ဦးချင်း၏ဆန္ဒကို ဖော်ထုတ်မဲပေးနိုင်ရေး၊ ရွေးကောက်ပွဲကို မှတ်ကျောက်တင်ခံရသည့် ရွေးကောက်ပွဲဖြစ်စေရန် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်းပူးပေါင်းလက်တွဲဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။။