Skip to main content

(၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုယာဉ်များ၊ ပြခန်းများနှင့် တိုင်းရင်းသားရိုးရာအစားအစာအရောင်းပြခန်းများ တတိယနေ့ဆက်လက်ခင်းကျင်းပြသ ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြသဖြင့် အထူးစည်ကား

နေပြည်တော် ဇန်နဝါရီ ၆

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် ပါဝင်ပြသခဲ့ကြသည့် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှဂုဏ်ပြုယာဉ်များ၊ အထိမ်းအမှတ်ပြခန်းများနှင့် တိုင်းရင်းသားရိုးရာအစားစာအရောင်းပြခန်းများအား တတိယနေ့အဖြစ် နေပြည်တော်ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက်လက်ခင်းကျင်းပြသလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ၊ စိန်ရတုလွတ်လပ်ရေးနေ့ဂုဏ်ပြုအခမ်းအနားတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆင်နွှဲခဲ့ကြသူများနှင့် ပြည်သူများစိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည့်ရှုကြသဖြင့် အထူးစည်ကားလျက်ရှိသည်။

ပြပွဲတတိနေ့တွင် တပေါင်းကွင်းသို့လာရောက်ကြသည့် ပြည်သူများကို သတ်မှတ်နေရာများအလိုက် နေရာယူထားကြသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက နွေးထွေးစွာကြိုဆိုကြပြီး နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှဂုဏ်ပြုယာဉ်များနှင့် ဝန်ကြီးဌာများအလိုက် ဂုဏ်ပြုယာဉ်များမှတာဝန်ရှိသူများက ယာဉ်ပေါ်၌ပြသထားသည့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများ၊ ဒေသန္တရဗဟုသုတများ၊ အထင်ကရနေရာများ၊ ထင်ပေါ်ကျော်ကြားသည့် ခေါင်းဆောင်များ၏ ရုပ်ထုများ၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များကို နွေးထွေးပျူငှာစွာ လိုက်လံရှင်းလင်းပြသပေးကြရာ သံဃာတော်များ၊ မယ်သီလရှင်များ၊ ကျောင်းသားလူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ဒေသခံပြည်သူများ စိတ်အားထက်သန်စွာ လေ့လာကြည့်ရှုကြသဖြင့် စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

ထို့ပြင် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားကြသည့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအသီးသီးမှ ပြခန်းများနှင့် ဝန်ကြီးဌာနများအလိုက်ပြခန်းများမှ တာဝန်ရှိသူများကလည်း ပြခန်းတွင်ပြသထားသည့် တိုင်းရင်းသားများ၏ အထိမ်းအမှတ်များ၊ လူနေမှုစရိုက်များ၊ ဓလေ့ထုံးတမ်းအစဉ်အလာများ၊ အပန်းဖြေလည်ပတ်နိုင်သည့် အထင်ကရနေရာများ၊ ဒေသထုတ်ကုန်များ၊ နိုင်ငံတော်၏သယံဇာတအရင်းအမြစ်များ၊  လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ချက်များ၊ ပြည်သူ့များကို ဝန်ဆောင်မှုများပေးလျက်ရှိသည့် လုပ်ငန်းဆောင်ရွက်မှုများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သည့်မှတ်တမ်းများကို လိုက်လံရှင်းလင်းပြသပေးကြရာ ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။

အထူးပျော်ရွှင်စရာအစီအစဉ်အနေဖြင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ဝင်များက သက်ဆိုင်ရာရိုးရာယဉ်ကျေးမှုအကအလှများ၊ ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များကို ပေါ်လွင်စေသည့် သီချင်းများ၊ မျိုးချစ်စိတ်နှင့်ဇာတိမာန်ကိုတက်ကြွစေမည့်သီချင်းများ၊ ရိုးရာအကအလှများကို တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုဂုဏ်ပြုယာဉ်ကြီးများရှေ့နှင့် ပြခန်းများရှေ့၌ ဖျော်ဖြေတင်ဆက်ကြရာ လာရောက်လေ့လာကြည့်ရှုကြသည့် ပြည်သူများကလည်း တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်အတူ ပျော်ရွှင်စွာသီဆိုကခုန်ပါဝင် ဆင်နွှဲကြသည်ကိုလည်း တွေ့ရသည်။

ထို့ပြင် ပြပွဲသို့လှပတင့်တယ်ခမ်းနားစွာ ခင်းကျင်းပြသထားသည့် ဂုဏ်ပြုယာဉ်ကြီးများ၊ ရိုးသားဖြူစင်ဖော်ရွေလှသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်ကြသူများကိုလည်း တွေ့ရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်းရင်းသားရိုးရာ ဒေသထွက်အစားအသောက်များ၊  တိုင်းရင်းသားရိုးရာ အမှတ်တရပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်းများနှင့် ရိုးရာဝတ်စုံများကို  ပြည်သူများစိတ်ကြိုက်ဝယ်ယူစားသုံးနိုင်ရန်အတွက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိရာ ပြည်သူများစိတ်ဝင်တစားစားသောက်သူများ ဝယ်ယူကြသူများဖြင့် ကြိတ်ကြိတ်တိုးစည်ကားလျက်ရှိသည်။

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥတ္တရခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ရံပုံငွေအရောင်းဆိုင်များကလည်း စားသောက်ကုန်ပစ္စည်းများနှင့်လူသုံးကုန်ပစ္စည်းများကို အထူးဈေးနှုန်းနှင့် ချိုသာစွာရောင်းချပေးလျက်ရှိရာ စိတ်ဝင်တစားဝယ်ယူကြသူများ များပြားလျက်ရှိသည်။

ထို့ပြင် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များနှင့် ပြည်သူများစိတ်ဝင်တစားဖြစ်စေရန်အတွက်လည်း ပြခန်းများတွင် ရင်ခုန်စိတ်လှုပ်ရှားစရာ ကံစမ်းမဲအစီအစဉ်များ၊ ပဟေဠိဖြေကြားသည့်အစီအစဉ်များ၊ ကိုယ်တိုင်ပါဝင်ဆင်နွှဲရသည့် ဂိမ်းကစားခြင်းအစီအစဉ်များနှင့် လက်ပန်းချီရေးဆွဲပေးခြင်း အစီအစဉ်ကောင်းများကိုလည်း ထည့်သွင်းထားသည်ကို တွေ့မြင်ရသည်။

ညပိုင်းတွင် ဖျော်ဖြေရေးအစီအစဉ်များအဖြစ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အနုပညာရှင်များက တိုင်းကျိုးပြည်ပြုတေးသီချင်းများနှင့် ခေတ်ပေါ်တေးသီချင်းများဖြင့်လည်းကောင်း၊ အနုပညာဉီးစီးဌာနမှ အနုပညာရှင်များက မျိုးချစ်စိတ်နှင့်ဇာတိမာန်တက်ကြွစေမည့် တေးသီချင်းများဖြင့်လည်းကောင်း၊ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာယိမ်းအဖွဲ့များက ရိုးရာတေးသီချင်းများကို အကအလှများပေါင်းစပ်၍လည်းကောင်း မြူးကြွပျော်ရွှင်စွာဖြင့် ဖျော်ဖြေကြရာပြည်သူများ တစ်ခဲနက်ပါဝင်ဆင်နွှဲကြသည်။

အဆိုပါဂုဏ်ပြုယာဉ်များ၊ အထိမ်းအမှတ်ပြခန်းများနှင့် တိုင်းရင်းသားရိုးရာအစားအစာအရောင်းပြခန်းများသို့ လာရောက်ကြည့်ရှုသည့် အများပြည်သူများအန္တရာယ်တစ် စုံတစ်ရာမဖြစ်ပေါ်စေရန် တပ်မတော်နှင့်ပူးပေါင်းပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလည်း လုံခြုံရေးအပြည့်အဝပေးထားသည့်အပြင် ကျန်းမာရေးတစ်စုံတစ်ရာဖြစ်ပေါ်က ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန်အတွက် နေပြည်တော်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ကျန်းမာရေးဆေးအဖွဲ့မှ ဆေးခန်းဖွင့်လှစ်ထားရှိသည်ကို တွေ့ရသည်။

ထို့ပြင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက လာရောက်လေ့လာကြည့်ရှုကြသည့် ကျောင်းသားကျောင်းသူ၊ ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန်အတွက် ပွဲတော်သို့လာသည့်လမ်းများ၌ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်ကိုလည်း တွေ့ရသည်။

အဆိုပါပွဲတော်၌ ဝန်ကြီးဌာနပြခန်း (၂၅)ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်း(၁၅)ခန်း၊ စုစုပေါင်းပြခန်း(၅၅)ခန်းနှင့် ဝန်ကြီးဌာနများအလိုက် ကိုယ်စားပြုဂုဏ်ပြုယာဉ် (၂၆)စီး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြု ဂုဏ်ပြုယာဉ်(၁၅)စီး၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုယာဉ်(၁)စီး၊ ပြည်ထောင်စုနောက်ပိတ် ဂုဏ်ပြုယာဉ်(၁)စီးနှင့် တပ်မတော်ကိုယ်စားပြု ဂုဏ်ပြုယာဉ်(၅)စီး စုစုပေါင်းဂုဏ်ပြုယာဉ် (၄၈)စီးတို့ကို ခင်းကျင်းပြသခြင်းနှင့် တိုင်းရင်းသားရိုးရာအစားအစာပြခန်း (၁၅)ခန်းတို့မှ အစားအစာရောင်းချခြင်းတို့ကို ဇန်နဝါရီ ၄ ရက်မှ စတင်၍ ဇန်နဝါရီ ၈ ရက်အထိ ခင်းကျင်းပြသပေးသွားမည်ဖြစ်၍ မိဘပြည်သူများ အခမဲ့လာရောက်လေ့လာကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်း - ဟိန်းမင်းစိုး ၊ ဂျိုင်းလော

ဓာတ်ပုံ- ကိုကြီးထိန်