နေပြည်တော် ဒီဇင်ဘာ ၂၄
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း လျှပ်စစ်ကဏ္ဍဆိုင်ရာလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် ပုသိမ်မြို့စက်မှုစီမံကိန်းရှိ စက်မှုဆိပ်ကမ်းသို့ရောက်ရှိရာ ပြည်ထောင်စုဝန်ကြီးက ယခုအချိန်ကာလတွင် မီးသုံးစွဲသူပြည်သူများအား ရရှိသည့်လျှပ်စစ်ဓာတ်အားကို မျှတစွာသုံးစွဲရရှိရေး ခွဲဝေစီမံဆောင်ရွက်နေသကဲ့သို့ စက်မှုဇုန်များကိုလည်း သတ်မှတ်ချိန်များအတိုင်း မျှတစွာသုံးစွဲနိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်နှင့်အညီ အဆောက်အအုံများ၏ခေါင်မိုးများပေါ်တွင်လည်းကောင်း၊ မြေပေါ်တွင်လည်းကောင်း နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ကြရန်လိုအပ်ကြောင်းနှင့် လုပ်ငန်းခွင်များအသုံးမပြုသည့်အချိန်တွင် ထွက်ရှိလာမည့်လျှပ်စစ်ဓာတ်အားကို ဝန်ကြီးဌာနမှဝယ်ယူနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နည်းပညာအရလိုအပ်ချက်များရှိပါကလည်း ဝန်ကြီးဌာနအနေဖြင့် ဝိုင်းဝန်းကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောင်းမြမြို့နယ် ညောင်ချောင်းလေးကျေးရွာ အနီးရှိ SSBE Myanmar Group Co.,Ltd. ၏ စပါးခွံ နှင့် အခြားသီးနှံစွန့်ပစ်ပစ္စည်းများဖြင့် လောင်စာတောင့်ထုတ်လုပ်မည့် တည်ဆောက်နေသောစီမံကိန်းသို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက စပါးခွံနှင့် အခြားသီးနှံစွန့်ပစ်ပစ္စည်းများကိုအသုံးပြုပြီး လောင်စာတောင့်ထုတ်လုပ်သောစီမံကိန်းတွင် စီမံကိန်း၏ရည်မှန်းချက်ဖြစ်သော လျှပ်စစ်ဓာတ်အား ၅ မဂ္ဂါဝပ်ထွက်အောင်ဆောင်ရွက်မည်ကိုသိရှိရသဖြင့် မိမိတို့အနေဖြင့် လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ စက်ရုံမှ လူမှုရေးတာဝန်သိမှုလုပ်ငန်းအနေဖြင့် ပတ်ဝန်းကျင်ကျေးရွာများသို့ ကျောင်း၊ ဆေးပေးခန်း၊ လမ်းများ တည်ဆောက်ပေးသည်ကိုသိရ၍ အထူးကျေးဇူးတင်ရှိကြောင်း၊ အလားတူ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတွင် လျှပ်စစ်မီးရရှိရေးအဓိကကျသဖြင့် ပတ်ဝန်းကျင်ရှိ ကျေးရွာခုနစ်ရွာကို လျှပ်စစ်မီးရရှိရေးဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ နောင်တွင် ပိုလျှံလာပါက ဓာတ်အားစနစ်သို့လည်းချိတ်ဆက်၍ ရောင်းချ နိုင်ရေးစီမံဆောင်ရွက်သွားရန်လိုအပ်ကြောင်းမှာကြားပြီး စီမံကိန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြောင်းမြမြို့နယ်ရှိ မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကော်ပိုရေးရှင်းလီမိတက်၏ စပါးခွံ လောင်စာသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံသို့ရောက်ရှိပြီး စက်ရုံအတွင်း စက်များတပ်ဆင်ထားသည့်အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားကြောင်း သိရသည်။
သတင်းစဉ်