Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အားကစားသမားအိပ်ဆောင်နှင့် ပွဲကြည့်စင်များတည်ဆောက်ရေးလုပ်ငန်းခွင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၂၄

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဥပဒေချုပ်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဦးဌေးအောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ နိုင်ငံတကာအဆင့်မီရေကူးကန်၌ RC နှစ်ထပ်အမိုးပါပွဲကြည့်စင် တည်ဆောက်နေမှု၊ တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်း၌ လေးထပ်အားကစားသမားအိပ်ဆောင်တည်ဆောက်နေမှုနှင့် RC 2 နှစ်ထပ်ပဒေသာ အားကစားကွင်းပွဲကြည့်စင်တည်ဆောက်နေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

မှာကြား

ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ နိုင်ငံတကာအဆင့်မီရေကူးကန်၌ ပြည်ထောင်စုဘတ်ဂျက် ငွေကျပ်သန်း ၅၇၁ ဒသမ ၉၆၈ သန်းဖြင့် RC နှစ်ထပ်အမိုးပါပွဲကြည့်စင် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ရောက်ရှိ၍ ကုမ္ပဏီမှတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး သတ်မှတ်ကာလအတွင်းအပြီးသတ်နိုင်ရေးအတွက် ဌာနဘက်မှလုပ်ငန်းကြန့်ကြာမှုမရှိစေရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကုမ္ပဏီဘက်မှလည်း Real Time Schedule အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကလေးရေကူးကန်တည်ဆောက်မှု၊ ရေကူးကန်ပတ်လည်ရှိ မီးဆိုင်းများအခြေအနေနှင့် ရေသန့်စင်ရေးစက်ခန်း၊ ရေကူးကန်အဝင်ဂိတ်အဆင့်မြှင့်တင်မှုနှင့် အမျိုးသမီး၊ အမျိုးသား အဝတ်လဲခန်းများကို ကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများအား ရေကူးကန်ကို လက်ရှိအခြေအနေထက် အရည်အသွေးမကျစေရန်၊ အရက်သေစာနှင့် မူးယစ်ဆေးဝါးသုံးစွဲသူများ ရေကူးခွင့်မပြုရန် တို့ကိုမှာကြားပြီး ဝန်ထမ်းသက်သာချောင်ချိရေးစားသောက်ဆိုင်ကို အဆင့်မြှင့်တင်ပြင်ဆင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကလည်း အပျော်တမ်းရေကူးသည့်အဆင့်မှ ပြိုင်ပွဲဝင်စိတ်ဓာတ်ဖြစ်ပေါ်စေရေးအတွက် နှစ်လလျှင်တစ်ကြိမ် ရေကူးပြိုင်ပွဲများကျင်းပနိုင်ရေး စည်းရုံးဆောင်ရွက်ရန် ဖြည့်စွက်ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်သို့ရောက်ရှိပြီး မြန်မာနိုင်ငံသေနတ်ပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကျော်မိုးဝင်းနှင့်တွေ့ဆုံ၍ ၂၅ မီတာ ပွိုင့် 22 ပစ္စတိုလေ့ကျင့်ရေးကွင်းနှင့်၁၀ မီတာ Air Pistol ၌ ကစားသမားများ၏ လေ့ကျင့်နေမှုတို့ကိုကြည့်ရှုပြီး နိုင်ငံတကာအားကစားပြိုင်ပွဲများအတွက် အားကစားအထောက်ကူပြုပစ္စည်း လိုအပ်ချက်များတင်ပြဆွေးနွေးမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တောင်ဥက္ကလာပမြို့နယ်ရှိ ပဒေသာအားကစားကွင်းသို့သွားရောက်ပြီး အားကစားကွင်းအတွင်းရှိ Synthetic ပြေးလမ်းများကို စနစ်တကျထိန်းသိမ်း ဆောင်ရွက်သွားရန်မှာကြားကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဘတ်ဂျက် ငွေကျပ်သန်း ၁၃၆၁ ဒသမ ၇၈၀ ဖြင့် တည်ဆောက်နေသည့် လေးထပ်အားကစားသမားအိပ်ဆောင်တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကုမ္ပဏီမှတာဝန်ရှိသူများအား သတ်မှတ်ကာလအတိုင်း ထိုက်သင့်သောအရည်အသွေးဖြင့် တည်ဆောက်ပြီးစီးနိုင်ရေးအတွက် တတ်နိုင်သမျှအားစိုက်လုပ်ဆောင်ရန် မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုဘတ်ဂျက် ငွေကျပ်သန်း ၈၀၅ ဒသမ ၉၅၀ ဖြင့် တည်ဆောက်နေသည့် RC 2 နှစ်ထပ် ပဒေသာအားကစားကွင်း ပွဲကြည့်စင်တည်ဆောက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး အထူးတန်း ပွဲကြည့်စင်ဝင်ပေါက်မှ ဘောလုံးကွင်းအတွင်းသို့ တိုက်ရိုက်ဝင်ရောက်နိုင်ရေးအတွက် ပြန်လည်ပြုပြင်ဆောက်လုပ်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်