Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဒီဇင်ဘာ ၂၃

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေး အထူးဇုန်(၃)အတွင်း ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)၊ ဗဟိုလေ့ကျင့်ရေးကျောင်းတို့မှ ကျောင်းသား ကျောင်းသူများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ၏ စားသောက်ရေးနှင့်သက်သာချောင်ချိရေးကို အထောက်အကူဖြစ်စေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကြက်၊ ဝက်၊ ငါးမွေးမြူရေးစခန်းကို ကြည့်ရှုစစ်ဆေးပြီး ပွင့်လင်းရာသီတွင် ပြီးစီးအောင် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးသည်။

လေ့ကျင့်သင်ကြားနေမှုကြည့်ရှု

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ဗဟိုလေ့ကျင့်ရေးကျောင်းသို့ရောက်ရှိပြီး နိပွန်ဖောင်ဒေးရှင်းနှင့် ပူးပေါင်းဖွင့်လှစ်ထားသည့် ငြိမ်းချမ်းရေး၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ဆိုင်ရာ ခေါင်းဆောင်မှုသင်တန်း အမှတ်စဉ်(၅)တွင် တက်ရောက်နေကြသည့် သင်တန်းသား၊ သင်တန်းသူများ၏ လေ့ကျင့်သင်ကြားနေမှု၊ Japan Myanmar Association (JMA)နှင့် ပူးပေါင်းဖွင့်လှစ်ထားသည့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးသင်တန်းအမှတ်စဉ်(၁)တွင် တက်ရောက်နေကြသည့် သင်တန်းသူများ၏ လေ့ကျင့်သင်ကြားနေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ ကျောင်းဝင်းအတွင်းရှိ သင်တန်းခန်းမများ၊ စားရိပ်သာများ၊ အိပ်ဆောင်များနှင့် ကျောင်းဝင်းအတွင်း စိုက်ပျိုးထားရှိမှု၊ ဝန်ထမ်းအိမ်ရာမြေလွတ်နေရာတွင် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ဆောင်ရွက်လျက်ရှိသည့် Green House များ၌ စိုက်ပျိုးထားရှိမှု၊ ငါးကန်များတွင် ငါးမွေးမြူထားရှိမှုနှင့် တည်ဆောက်ဆဲ သင်တန်းသား လေးထပ်အိပ်ဆောင်ဆောက်လုပ်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးသို့ရောက်ရှိပြီး ဂိုဒေါင်အတွင်း ယာဉ်/ယန္တရားများ စနစ်တကျထိန်းသိမ်းထားရှိမှုနှင့် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ဆောင်ရွက်ထားရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

တက်ကြွစွာ ပါဝင်ထမ်းဆောင်ရေး

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်)သို့ ရောက်ရှိပြီး ဘွဲ့နှင်းသဘင်ခန်းမ၌ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများကိုတွေ့ဆုံ၍ လက်ရှိဖြစ်ပေါ်နေသော အခြေအနေတို့ကို မှန်ကန်စွာသိရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် တက်ကြွစွာပါဝင်ထမ်းဆောင်ရေး၊ ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့် နိုင်ငံ့ဝန်ထမ်းကောင်းများပီသစွာ ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ရေး၊ ကျောင်းသား ကျောင်းသူများကို စာပေပညာအပြင် စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်ပြီးယုံကြည်ချက်၊ ခံယူချက်၊ အတွေးအခေါ်နှင့် ဆင်ခြင်တုံတရားမြင့်မားစေရေးအတွက် သင်ကြားလေ့ကျင့်ပေးရေး၊ အားကစားကဏ္ဍအပါအဝင် ဘက်စုံထူးချွန်ထက်မြက်ပြီး အနာဂတ်တွင် နိုင်ငံတော်မှအားထားရသည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းများဖြစ်လာစေရေး အလေးထားကြိုးစားဆောင်ရွက်သွားကြရန်မှာကြားပြီး ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းသား ကျောင်းသူများနှင့်အတူ နေ့လယ်စာကို လက်ရည်တစ်ပြင်တည်း အတူတကွသုံးဆောင်ပြီး ကျောင်းဝင်းအတွင်းရှိ လေးထပ်အင်ဂျင်နီယာအလုပ်ရုံတည်ဆောက်နေမှုနှင့် အားကစားကွင်းအဆင့်မြှင့်တင်နေမှုကို ကြည့်ရှုစစ်ဆေးကာ လုပ်ငန်းများသတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်