နေပြည်တော် ဒီဇင်ဘာ ၁၈
ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရအဖွဲ့၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဆိုင်ရာဝန်ကြီးဌာနဝန်ကြီး H.E. Mr. TSE Chin-wan ၏ ဖိတ်ကြားချက်အရ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၊ Hong Kong Convention and Exhibition Centre ၌ ဒီဇင်ဘာ (၁၄) ရက်မှ (၁၇)ရက်အထိ ကျင်းပခဲ့သော (၁၇) ကြိမ်မြောက်၊ ၂၀၂၂ ခုနှစ် Eco Expo Asia သို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီနှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
ဒီဇင်ဘာ (၁၄) ရက်တွင် Eco Expo Asia ဖွင့်ပွဲအခမ်းအနားကို Hong Kong Convention and Exhibition Centre ၌ ကျင်းပခဲ့ရာ ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရအဖွဲ့၊ သဘာဝပတ်ဝန်းကျင်နှင့်ဂေဟစနစ်ဆိုင်ရာဝန်ကြီးဌာန၊ ဝန်ကြီး H.E. Mr. TSE Chin-wanနှင့် ပြည်ထောင်စုဝန်ကြီး၊ ဦးခင်မောင်ရီတို့က ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်မိန့်ခွန်းပြောကြားခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံသည် အာရှဒေသတွင်း နိုင်ငံများနည်းတူ ဂေဟစနစ်အခြေပြုဖွံ့ဖြိုးရေးဆိုင်ရာ အခွင့်အလမ်းများစွာရှိကြောင်း၊ ရာသီဥတုပြောင်းလဲမှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုထိန်းချုပ်နိုင်ရေးအတွက် ဒေသတွင်းနိုင်ငံများနှင့်အတူ ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုရရှိရေးအတွက် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် ကာဗွန်မျှခြေရရှိရေးဆိုင်ရာ ခိုင်မာသည့် မူဝါဒနှင့် မဟာဗျူဟာအစီအစဉ်များချမှတ်ပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ ပါရီ သဘောတူညီချက်အရ “အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးလုပ်ငန်းအစီအစဉ် (NDCs)” ကို ၂၀၂၁ ခုနှစ်တွင် တင်ပြခဲ့ပြီး ၂၀၃၀ ပြည်နှစ်ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး ရည်မှန်းချက်များရရှိရေးအတွက် သဘာဝအခြေပြုဖြေရှင်းနည်းလမ်းများ (Nature Based Solutions)ဖြစ်သည့် အမြဲတမ်းသစ်တောနယ်မြေများ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ၊ သစ်တောစိုက်ခင်းများ တိုးမြှင့်တည်ထောင်လျက်ရှိကြောင်း၊ ပြည်သူလူထုပူးပေါင်းပါဝင်သည့် အစိမ်းရောင်ဖွံ့ဖြိုးရေး ကမ်ပိန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိမ်းရောင်စီးပွားရေးမူဝါဒမူဘောင်ကို ရေးဆွဲထားရှိပြီး သန့်ရှင်းသောစွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေးအတွက် ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍဖွံ့ဖြိုးရေး၊ အမှိုက်မှစွမ်းအင်ထုတ်လုပ်ရေးနှင့် အစိမ်းရောင်ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆက်လက်အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရေးနှင့် ဒေသတွင်းပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းရေးအတွက် ဒေသတွင်းနှင့် နိုင်ငံတကာမိတ်ဖက်များဖြင့် အမြဲပူးပေါင်းဆောင်ရွက်ရန်အသင့်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဧည့်သည်တော်များ၊ သံတမန်များနှင့်အတူ အစိမ်းရောင်အခြေပြုစီမံကိန်းပြခန်းများ၊ ဂေဟစနစ်နှင့် လိုက်လျောညီထွေသည့် ထုတ်ကုန်များဆိုင်ရာပြခန်းများ၊ လေအရည်အသွေးသန့်စင်ပေးခြင်းဆိုင်ရာပြခန်းများ၊ အမှိုက်များ ပြန်လည်သန့်စင်ခြင်းနှင့် စွမ်းအင်ထုတ်လုပ်ခြင်းဆိုင်ရာပြခန်းများ၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများအခြေပြု စွမ်းအင်ထုတ်လုပ်မှုဆိုင်ရာပြခန်းများ၊ အစိမ်းရောင်အဆောက်အဦများ ဖွံ့ဖြိုးရေးဆိုင်ရာပြခန်းများ၊ အစိမ်းရောင်ပို့ဆောင်ဆက်သွယ်ရေးဖြစ်သည့် လျှပ်စစ်ကား၊ လျှပ်စစ်နှင့် ဓါတ်ငွေ့သုံး Hybrid ကားနှင့် ဟိုက်ဒရိုဂျင်လောင်စာသုံးကားများဆိုင်ရာပြခန်းများကို လှည့်လည်ကြည့်ရှုသည်။
ဒီဇင်ဘာ (၁၅) ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရအဖွဲ့၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဆိုင်ရာဝန်ကြီးဌာနဝန်ကြီး H.E. Mr. TSE Chin-wan နှင့် တွေ့ဆုံ၍ ဟောင်ကောင်၏ ၂၀၅၀ ပြည့်နှစ် ကာဗွန်မျှခြေရရှိရေးဆိုင်ရာ ရည်မှန်းချက်ပြည့်မှီရေးအတွက် ကာဗွန်ကင်းစင်သည့် လျှပ်စစ်ထုတ်လုပ်ရေးကဏ္ဍ၊ အစိမ်းရောင်အဆောက်အဦများဖွံ့ဖြိုးရေးနှင့် စွမ်းအင်ချွေတာရေးကဏ္ဍ၊ အစိမ်းရောင်သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် စွန့်ပစ်အမှိုက်လျှော့ချရေးကဏ္ဍစသည့် ဦးစားပေးနယ်ပယ်(၄)ခုတွင် ဆောင်ရွက်နေမှုကိုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက အစိမ်းရောင်ဖွံ့ဖြိုးရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် နည်းပညာပိုင်းဆိုင်ရာ နှစ်ဘက်ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့သည်။
ထို့အတူ ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စားလှယ်အဖွဲ့သည် ဒီဇင်ဘာ(၁၄)ရက်တွင် ဟောင်ကောင်မြန်မာကုန်သည်ကြီးများအသင်း တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ဒီဇင်ဘာ (၁၅)ရက်၊ (၁၆) ရက်နှင့် (၁၇) ရက်တို့တွင် ကာဗွန်မျှခြေရရှိရေးနှင့် ပတ်လည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ၊ အစိမ်းရောင်အဆောက်အဦများဖွံ့ဖြိုးရေးနှင့် စွမ်းအင်ချွေတာရေးဆိုင်ရာ၊ ကာဗွန်ဈေးကွက်ဖွံ့ဖြိုးရေးဆိုင်ရာနှင့် ဟိုက်ဒရိုဂျင်စွမ်းအင်အခြေပြုပို့ဆောင်ရေးကဏ္ဍဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးပွဲများသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိကြသည်။
(သတင်းစဉ်)