ရန်ကုန် ဒီဇင်ဘာ ၁၇
စက်မှုဇုန် ၂၉ ဇုန်မှ ထုတ်ကုန်ပစ္စည်းများပြပွဲကို ရန်ကုန်မြို့မင်းဓမ္မလမ်းရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပလျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သွားရောက် ကြည့်ရှုအားပေးသည်။
အသေးစား၊ အငယ်စားနှင့်အလတ်စား စက်မှုလုပ်ငန်း (MSME) များသည် နိုင်ငံ့စီးပွားရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူ ပြုမည်ဖြစ်၍ အလေးထားပြီး ဆောင်ရွက်ကြရန် နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားထားသည့်အတွက် ရန်ကုန်မြို့ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ(MCC) ခန်းမ၌ ဒီဇင်ဘာ ၁၅ ရက်မှ ၁၈ ရက် အထိ ခင်းကျင်းပြသလျက်ရှိသည့် ထုတ်ကုန်ပစ္စည်းများပြပွဲတွင် စက်မှုဇုန် ၂၉ ဇုန်မှ ထုတ်လုပ်သော အိမ်သုံးဆေးဝါးများ၊ တိုင်းရင်းဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ အီလက်ထရွန်နစ်ဆက်စပ်ပစ္စည်းများ၊ ဟိုတယ်နှင့် အိမ်မီးဖိုချောင် နှင့် ဧည့်ခန်းသုံး ပစ္စည်းများကို ဆိုင်ခန်းပေါင်း ၈၈ ခန်းဖြင့် ခင်းကျင်းပြသရောင်းချလျက်ရှိရာ အများပြည်သူလာရောက်ကြည့်ရှု ဝယ်ယူအားပေးလျက်ရှိသည်။
ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ ဇုန်မှ ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ယမန်နေ့ ညပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စတူဒီယို(အေ)တွင် ကျင်းပသော (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ် ပြုသောအားဖြင့် “တူယှဉ်နွှဲပျော် ဂီတပွဲတော်” Season-2 ပွဲစဉ်(၁၆) ဒုတိယအဆင့်Level-2ပြိုင်ပွဲ Re- sult Showကို တက်ရောက်ကြည့်ရှု အားပေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ဂီတပွဲတော်သို့ တက်ရောက်လာကြသည့် ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးလွင်မြင့်နှင့်ဂီတပွဲတော် အကဲဖြတ်ဒိုင်များ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်မှ အနုပညာရှင်များ၊ ပြိုင်ပွဲတွင် ပါဝင်သီဆို ဖျော်ဖြေကြသည့် ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
အဆိုပါ တူယှဉ်နွှဲပျော် ဂီတ ပွဲတော် နောက်ဆုံးယှဉ်ပြိုင်မှုနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၃၀ ရက်တွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စတူဒီယို(အေ)၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်