နေပြည်တော် ဒီဇင်ဘာ ၁၄
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲ- ဒေသတွင်းအဆင့် (10th ASEAN Quiz - Regional Level) ကို ယနေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ ပထမဆုကို မြန်မာနိုင်ငံ၊ ဒုတိယဆုကို မလေးရှားနိုင်ငံ၊ တတိယဆုကို လာအိုနိုင်ငံတို့က ရရှိကြသည်။
အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို ဒေသတွင်းလူငယ်များအကြား ခိုင်မာအားကောင်း သည့် ချစ်ကြည်ရင်းနှီးမှုကို အထောက်အကူပြုနိုင်စေရန် ၂၀၀၂ ခုနှစ်မှစတင်၍ အဖွဲ့ဝင်နိုင်ငံ များ၏ သဘောတူညီချက်အရ နှစ်နှစ်တစ်ကြိမ် အလှည့်ကျ ကျင်းပခြင်းဖြစ်သည်။
အိမ်ရှင်အဖြစ်လက်ခံကျင်းပ
၂၀၀၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ၂၀၀၄ ခုနှစ်တွင် ဘရူနိုင်းနိုင်ငံ၊ ၂၀၀၆ ခုနှစ်တွင် မလေးရှားနိုင်ငံ၊ ၂၀၀၉ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ ၂၀၁၂ ခုနှစ်တွင် ကမ္ဘောဒီးယား နိုင်ငံ၊ ၂၀၁၄ ခုနှစ်တွင် ဗီယက်နမ် နိုင်ငံ၊ ၂၀၁၆ ခုနှစ်တွင် လာအိုနိုင်ငံ၊ ၂၀၁၈ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံနှင့် ၂၀၂၀ ပြည့်နှစ်တွင် စင်ကာပူနိုင်ငံတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။
ယခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံအသီးသီးမှ နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံအလိုက် အသက် ၁၅ နှစ်မှ ၁၈ နှစ်အတွင်းရှိ ကျောင်းသားကျောင်းသူများကို ခရိုင်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ နိုင်ငံအဆင့်ပြိုင်ပွဲများ အဆင့်ဆင့်ပြုလုပ်၍ နိုင်ငံအလိုက် ပထမ၊ ဒုတိယ၊ တတိယ သုံးဦးစီရွေးချယ်ကာ အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ- ဒေသတွင်းအဆင့်တွင် ပါဝင်ယှဉ်ပြိုင်စေခြင်းဖြစ်သည်။
တက်ရောက်
အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ (ဒေသတွင်းအဆင့်) ဖွင့်ပွဲ အခမ်းအနားကို နံနက် ၉ နာရီတွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုလှိုင်၊ ဦးမောင်မောင် အုန်း၊ ဒေါက်တာညွန့်ဖေ၊ ဒေါက်တာ မျိုးသိန်းကျော်၊ ဒေါက်တာသက်ခိုင်ဝင်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားပြုယှဉ်ပြိုင်ကြမည့် ကျောင်းသား၊ ကျောင်းသူများ၊ ကြီးကြပ်သူများ၊ သင်တန်းနည်းပြများ၊ ဒိုင်အဖွဲ့ဝင်များ၊ ဆရာ ဆရာမများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ကျောင်းများမှ ကျောင်းသားကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ဘရူနိုင်း၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားပြုယှဉ်ပြိုင်ကြမည့် ကျောင်းသား၊ ကျောင်းသူများက online ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ ASEAN Anthem သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင် သံကြားမှ တိုင်းရင်းသား၊ တိုင်းရင်းသူများက “ Welcome to the 10th ASEAN Quiz ” တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။
နိုင်ငံအလိုက်နှုတ်ဆက်
ထို့နောက် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားပြု ကျောင်း သား၊ ကျောင်းသူများနှင့် ကြီးကြပ်သူများက နိုင်ငံအလိုက် နှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
နှစ်နှစ်တစ်ကြိမ်ကျင်းပ
ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့် အမှာစကား ပြောကြားရာတွင် ယနေ့ကျင်းပသည့် ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်း ပဟေဠိပြိုင်ပွဲကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသည့်အတွက် များစွာဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊ ယခုကျင်းပသည့် အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ စီမံကိန်းသည် အာဆီယံယဉ်ကျေးမှုနှင့် ပြန်ကြားရေးကော်မတီ၏ ဦးစားပေးအစီအစဉ်များထဲမှ တစ်ခုဖြစ်ပြီး ၂၀၀၂ ခုနှစ်မှ စတင်ကာ နှစ်နှစ်တစ်ကြိမ် ကျင်းပခဲ့ပါကြောင်း၊ ဤစီမံကိန်းသည် အာဆီယံပြန်ကြားရေးဆပ်ကော်မတီ၏ အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု ဆိုနိုင်ပါကြောင်း။
ASEAN Quiz ပြိုင်ပွဲသည် အာဆီယံ၏ အသိအမြင်မြှင့်တင်ရေးကို ထင်ဟပ်စေသည့်အပြင် အာဆီယံလူငယ်များ၏ ချစ်ကြည်ရင်းနှီးမှု တိုးပွားလာစေရန်နှင့် အာဆီယံကို ပိုမိုလေးနက်သည့် နားလည် သဘောပေါက်မှုနှင့် တန်ဖိုးထားမှုများကို ရရှိစေမည့် အခွင့်အလမ်းများကို ဖော်ဆောင် ပေးနေသည့် စီမံကိန်းတစ်ခုဖြစ်သည်ဟု ပြောကြားလိုပါကြောင်း။
ဗဟုသုတများ မြှင့်တင်ပေးရန်
ယခုကျင်းပသည့်ပြိုင်ပွဲ၏ အဓိကရည်ရွယ်ချက်မှာ လူငယ်မျိုးဆက်သစ်များအနေဖြင့် အာဆီယံအကြောင်း ပိုမိုသိရှိနားလည်စေရန်နှင့် အာဆီယံဒေသတွင်းနိုင်ငံများ၏ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အသိပညာဗဟုသုတများ မြှင့်တင်ပေးနိုင်ရန်ပင် ဖြစ်ပါ ကြောင်း။
ASEAN Quiz ၏ ရည်ရွယ်ချက်မှာ အာဆီယံလူငယ်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ယှဉ်ပြိုင်လိုသည့် စိတ်ဓာတ်များကို ဖော်ထုတ်ပေးနိုင်ရန်၊ ဒေသတွင်းငြိမ်းချမ်းရေး၊ စည်းလုံး ညီညွတ်ရေးနှင့် သာယာဝပြောရေးကို ထိန်းသိမ်းပြီး ပိုမိုအောင်မြင်မှုရရှိစေရန်၊ အာဆီယံ၏ မျှော်မှန်းချက်၊ အခန်းကဏ္ဍများနှင့် တာဝန်များကို နားလည်သဘောပေါက်စေရန်၊ အသိပညာ ဗဟုသုတမြှင့်တင်ပေးနိုင်ရန်၊ ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ပေးနိုင်ရန်နှင့် အာဆီယံ ပြည်သူလူထုအကြား အသိပညာပေးနိုင်ရန် အဓိကဖြစ်ပါကြောင်း။
လူကိုယ်တိုင်တက်ရန်ဖိတ်ကြား
ပထမအကြိမ်ပြိုင်ပွဲမှ အဋ္ဌမအကြိမ်အထိ လက်ခံကျင်းပခဲ့သည့် အိမ်ရှင်နိုင်ငံများက အာဆီယံ ဒေသတွင်းရှိ ကျောင်းသားလူငယ်များကို လူကိုယ်တိုင် ပါဝင်တက်ရောက်ရန် ဖိတ်ကြားခဲ့ကြပြီး in person event အဖြစ်သာ ကျင်းပခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့် နှစ်တွင် စင်ကာပူနိုင်ငံက အိမ်ရှင် အဖြစ်ကျင်းပချိန်၌ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အွန်လိုင်းပြိုင်ပွဲအဖြစ် ပြောင်းလဲဆောင်ရွက် ခဲ့ရပါကြောင်း၊ ယခုမြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရချိန်တွင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ Hybrid ပုံစံဖြင့် စနစ်တကျ ကျင်းပသွားမည် ဖြစ်ပါကြောင်း။
ဘရူနိုင်း၊ ဖိလစ်ပိုင်နှင့် ထိုင်း
Online ဖြင့်ယှဉ်ပြိုင်
ယခုပြိုင်ပွဲတွင် ကမ္ဘောဒီးယား၊ လာအို၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံတို့က in person အဖြစ် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ဘရူနိုင်း၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့က Online ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ပါကြောင်း။
ယခုကဲ့သို့ ASEAN Quiz ဒေသတွင်းအဆင့်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် နိုင်ငံ များအနေဖြင့် Theme တစ်ခုကိုလည်း ရွေးချယ်ဆောင်ရွက်ကြရပြီး ယခုနှစ်တွင် မြန်မာနိုင်ငံက “ASEAN: A Community of Peace, Prosperity and Sustai-nability” (အာဆီယံသည် ငြိမ်းချမ်းမှု၊ သာယာဝပြောမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲမှုရှိသည့် အသိုက်အဝန်းတစ်ခုဖြစ်သည်) ဆိုသည့် Theme ကို ရွေးချယ်အတည်ပြုထားပါကြောင်း။
အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များ လက်မှတ်ရေးထိုးထားပြီး အာဆီယံပဋိညာဉ်စာတမ်း တွင်ပါရှိသည့် ရည်ရွယ်ချက်များ၊ အာဆီယံဆောင်ပုဒ်ဖြစ်သည့် “တစ်ခုတည်းသော အမြင်၊ တစ်ခုတည်းသော သွင်ပြင်လက္ခဏာ၊ တစ်ခုတည်းသော အသိုက်အဝန်း” ဆိုသည့် ဆောင်ပုဒ်များကို ထင်ဟပ်ပေါ်လွင်စေရန် Theme ကို စီစဉ်ရွေးချယ်ထားခြင်းဖြစ်ပြီး ဒေသတွင်းအဆင့် ASEAN Quiz ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကျောင်းသား ကျောင်းသူများအနေဖြင့် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက “ပြည်ထောင်စု ၏ ထာဝရအလှများ” တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။
အမှတ်တရလက်ဆောင်ပေး
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က အကဲဖြတ်ဒိုင်များ၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနှင့် လာအိုနိုင်ငံတို့မှ ကြီးကြပ်သူနှင့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မလေးရှား၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကြီးကြပ်သူနှင့် ပြိုင်ပွဲဝင်များ၊ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ရုံးမှ အကြီးတန်းအရာရှိတို့အား အမှတ်တရလက်ဆောင်များ ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ကပြဖျော်ဖြေတင်ဆက်
ယင်းနောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မှ ဝန်ထမ်းများက “မင်္ဂလာပါ အာဆီယံ” တေးသီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ-ဒေသတွင်းအဆင့် စတင်ရန် အာဆီယံနိုင်ငံများမှ ကိုယ်စားပြုကျောင်းသား ကျောင်းသူများ၊ အကဲဖြတ်ဒိုင်များသည် သတ်မှတ်နေရာများ၌ အသီးသီးနေရာယူကြပြီး အကဲဖြတ်ဒိုင် ဒေါ်ဌေးဌေးဆွေက အမှတ် ပေးပုံနှင့် ရွေးချယ်မည့်ပုံစံကို ရှင်းလင်းတင်ပြကာ ပြိုင်ပွဲကိုစတင်သည်။
ကျောင်းသား/သူများ ယှဉ်ပြိုင်
အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ (ဒေသတွင်းအဆင့်) တွင် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်း၊ အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်းနှင့် အာဆီယံဒေသဆိုင်ရာ အထွေထွေဗဟုသုတများကို Multiple Choice , Fill in the Blank, True or False, Mixed Question ပွဲစဉ် လေးခုဖြင့် အာဆီယံနိုင်ငံများမှ ကိုယ်စားပြု ကျောင်းသား ကျောင်းသူများက ယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများက “We are One” တေးသီချင်းဖြင့် လည်းကောင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက “ထာဝရမြန်မာ” တေးသီချင်းဖြင့်လည်းကောင်း ကပြဖျော်ဖြေကြပြီး ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဖျော်ဖြေပေးသည့် အနုပညာရှင်များအား လက်ဆောင်ပန်းခြင်း ပေးအပ်သည်။
ဆုများပေးအပ်ချီးမြှင့်
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က တတိယဆုရရှိသည့် လာအိုနိုင်ငံမှ ကြီးကြပ်သူနှင့် ကျောင်းသား ကျောင်းသူများအားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဒုတိယဆုရရှိသည့် မလေးရှားနိုင်ငံမှ ကြီးကြပ်သူနှင့် ကျောင်းသား ကျောင်းသူများအားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပထမဆုရရှိသည့် မြန်မာနိုင်ငံမှ ကြီးကြပ်သူနှင့် ကျောင်းသား ကျောင်းသူများအားလည်း ကောင်း ဆုများပေးအပ်ချီးမြှင့်ကြပြီး ဆုရရှိသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
မွန်းလွဲပိုင်းတွင် အာဆီယံနိုင်ငံများမှ ကိုယ်စားပြုတက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများနှင့် ကြီးကြပ်သူများသည် နေပြည်တော်ရှိ ကျောက်မျက်ပြတိုက်နှင့် အမျိုး သားပြတိုက်တို့ကို သွားရောက်လေ့လာကြည့်ရှုကြသည်။
ညနေပိုင်းတွင် အာဆီယံဉာဏ်စမ်းပဟေဠိ (ဒေသတွင်းအဆင့်) ပြိုင်ပွဲ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို Park Royal ဟိုတယ်၌ကျင်းပရာ ရှေးဦးစွာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျောင်းသား ကျောင်းသူများက သက်ဆိုင်ရာနိုင်ငံအလိုက် တေးသီချင်းများ ပျော်ရွှင်စွာသီဆိုကြ သည်။ ထို့ပြင် လာအို၊ ကမ္ဘော ဒီးယား၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတို့မှ ကျောင်း သား ကျောင်းသူများက သက်ဆိုင်ရာနိုင်ငံအလိုက် ရိုးရာအက၊ တေးသီချင်းများဖြင့် ပျော်ရွှင်စွာ စုဖွဲ့သီဆိုကြသည်။
အသိအမှတ်ပြုလက်မှတ်ပေး
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အာဆီယံ နိုင်ငံများမှ ပြိုင်ပွဲဝင်များနှင့် ကြီးကြပ်သူများအား ကျေးဇူးတင်စကားပြောကြားပြီး ပြိုင်ပွဲဝင် ၁၈ ဦးအား ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခြင်းအတွက် အသိအမှတ်ပြုလက်မှတ်များ တစ်ဦးချင်းစီ ပေးအပ်သည်။
ညစာဖြင့် တည်ခင်းဧည့်ခံစဉ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ခေတ်ပေါ်တေးဂီတအဖွဲ့က တေး သီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး တက်ရောက်လာကြသူများကလည်း တေးသီချင်းများဖြင့် ပျော်ရွှင်စွာပါဝင်သီဆိုကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၏ဇနီး ဒေါ်ခင်ဆွေဝင်းက ပြိုင်ပွဲဝင် များအား ဒေသထွက်မြန်မာ့ရိုးရာ စားသောက်ကုန်ပစ္စည်းများကို တစ်ဦးချင်းစီ ကံစမ်းမဲဖောက်၍ လက်ဆောင် ပေးအပ်ခဲ့သည်။
သတင်းစဉ်