နေပြည်တော် ဒီဇင်ဘာ ၁၄
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၂၂) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ အရိန္ဒမာခန်းမ၌ ကိုဗစ်-၁၉ ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။
ဦးစွာမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဆောင်ရွက်ချက်မှတ်တမ်း Video Clip ကို ပြသသည်။
အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို စီမံချက်ရေးဆွဲဆောင်ရွက်ခဲ့ရာ ဖမ်းဆီးရမိမှုများ နှစ်စဉ်တိုးမြင့်လာသည်ကို တွေ့ရမည်ဖြစ်ပြီး အထူးစစ်ဆင်ရေးများကို ယနေ့အထိ (၃၇)ကြိမ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန် ဦးစီးဌာနတို့က အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ အောင်မြင်မှုများရရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ် အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု ၆၂၇၆ မှုရှိပြီး ဘိန်း ၁ ဒသမ ၁ တန်ကျော်၊ ဘိန်းဖြူ ၁ ဒသမ ၃၂ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၆၄ ဒသမ ၈၇ သန်းကျော်၊ အိုက်စ်(မက်သ်အဖက်တမင်း) ၂၁ ဒသမ ၇၅ တန်ကျော်၊ ကတ်တ မင်း ၂ ဒသမ ၀၄ တန် ကျော်အပါအဝင် အခြားမူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင်အသုံးပြုသည့် ဓာတုပစ္စည်းများအပါအဝင် ဆက်စပ်ပစ္စည်း စုစုပေါင်း ကာလတန်ဖိုးငွေကျပ် ၁၀၆၉ ဒသမ ၉၄ ဘီလီယံကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း၊ မူးယစ်ဆေးဝါးပြဿာနာသည် တားဆီးနှိမ်နင်းရေး ကဏ္ဍတစ်ခုတည်း အောင်မြင်ရုံမျှဖြင့် မူးယစ်ဆေးဝါးပပျောက်သွားမည်ဟု ယူဆ၍မရကြောင်း၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့အောက်ရှိ လုပ်ငန်းအဖွဲ့ (၁၁) ဖွဲ့လုံးနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့များအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍအလိုက် ဟန်ချက်ညီညီ အလေးထားပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မည် ဖြစ်ကြောင်း။
၂၀၂၁ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့်ဆက်နွယ်၍ ငွေကြေးစုံစမ်းစစ်ဆေးရေးအဖွဲ့သို့ အမှုပေါင်း ၂၉ မှု နှင့် ၂၀၂၂ ခုနှစ်တွင် အမှုပေါင်း ၂၆ မှု လွှဲပြောင်းပေးခဲ့ကြောင်း၊ မူးယစ်ဆေးဝါးများ စွမ်းစွမ်းတမံဆောင်ရွက်ဖမ်းဆီးမှုများတွင် ပါဝင်သူများကို ရာထူးတိုးမြှင့်ပေးခြင်း၊ အမှုထမ်းကောင်းလက်မှတ်နှင့် ဆုကြေးငွေချီးမြှင့်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့သကဲ့သို့ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ မသမာမှု ပြုလုပ်ခြင်းများကိုလည်း အရေးယူ ဆောင်ရွက်ခဲ့ကြောင်း။
ယနေ့ကမ္ဘာပေါ်တွင် နိုင်ငံပေါင်း ၁၉၀ ကျော်ရှိသည့်အနက် ၁၉၀ ခန့်သည် မူးယစ်ဆေးဝါး ပြဿနာနှင့် ရင်ဆိုင်နေကြရကြောင်း၊ ၂၀၂၂ ခုနှစ် UNODC မှ ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့မူးယစ်ဆေးဝါးအစီရင်ခံစာအရ အရှေ့နှင့် အရှေ့တောင်အာရှဒေသတွင် မက်သ်အဖက်တမင်းသည် အဓိကပြဿနာအဖြစ် တည်ရှိနေကြောင်း၊ ယခုအခါ ထိန်းချုပ်ဓာတု ပစ္စည်းများသည် ရှေ့တန်းရောက်ရှိလာသဖြင့် ဓာတုပစ္စည်းထိန်းချုပ်ရေး ကဏ္ဍသည်လည်း အရေးကြီးကြောင်း၊ တရားဝင်ခွင့်ပြုချက်နှင့် တင်သွင်းလာသည့် ဓာတုပစ္စည်းများ လမ်းလွဲ မရောက်စေရေးအတွက် သက်ဆိုင်ရာဌာနများပူးပေါင်း၍ အထူးကြပ်မတ်သွားကြရန် လိုကြောင်း။
မြန်မာနိုင်ငံတစ်ဝန်းလုံး ရင်ဆိုင်နေရသည့် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ရန် ရေးဆွဲထုတ်ပြန်ထားပြီးဖြစ်သည့် မူဝါဒသစ်နှင့်အညီ လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် တက်ကြွစွာ ပါဝင်ပေးကြရန်နှင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် မူးယစ်တားဆီး ကာကွယ်ရေးအဖွဲ့များအနေဖြင့် ၂၀၂၂ ခုနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် စီမံချက်ပါလုပ်ငန်းများထက် ၂၀၂၃ ခုနှစ်တွင် ပိုမိုတိုးမြှင့်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုအဖွဲ့အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်ချုပ်ဇင်မင်းထက် က မူးယစ်ဆေးဝါးထိန်းချုပ်ရေး ကြိုးပမ်းချက်အပေါ် သုံးသပ်တင်ပြပြီး တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ကြိုးပမ်းဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ လိုအပ်ချက်များနှင့် အကြံပြုချက် များကို ရှင်းလင်း တင်ပြကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
အစည်းအဝေးသို့ ဗဟိုအဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့များမှဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ရဲအရာရှိကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တွဲဖက်အတွင်းရေးမှူးများ က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
(သတင်းစဉ်)