နေပြည်တော် ဒီဇင်ဘာ ၁၃
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်တို့ပူးပေါင်း၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်) ဘော်လီဘော (အမျိုး သား/အမျိုးသမီး)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက် ၁၁ နာရီက နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသော မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာနိုင်ငံဘော်လီဘောအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဌာနခွဲများမှ အရာထမ်း/အမှုထမ်းများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။
အနိုင်ရရှိ
ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲပွဲစဉ်များအဖြစ် (အမျိုးသမီး)ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ (အမျိုးသား) ပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို သုံးပွဲ တစ်ပွဲဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲတွင် နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုရရှိခဲ့ကြသူများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က လည်းကောင်း၊ ဘော်လီဘော(အမျိုးသား) ပြိုင်ပွဲတွင်နေရာအလိုက် အကောင်းဆုံးအားကစားသမားဆု ရရှိခဲ့ကြသူများကို အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံကလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်သည်။
တံခွန်စိုက်ဒိုင်းဆုချီးမြှင့်
ထို့နောက် ဘော်လီဘော(အမျိုးသမီး)ပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော မကွေးတိုင်းဒေသကြီးအသင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ငွေသားဆု ငွေကျပ် ၁၀ သိန်းကို လည်းကောင်း၊ တတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ ဗညားအောင်မိုးက တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် ၁၅ သိန်းကိုလည်းကောင်း၊ ဒုတိယဆုရရှိသော စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆု ငွေကျပ်သိန်း ၂၀ ကိုလည်းကောင်း၊ ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆု ငွေကျပ် သိန်း ၃၀ နှင့် တံခွန်စိုက်ဒိုင်းဆုကို ပေးအပ်ချီးမြှင့်သည်။
ဆုတံဆိပ်နှင့် ငွေသားဆုချီးမြှင့်
ဆက်လက်ပြီး ဘော်လီဘော(အမျိုးသား)ပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော ကရင်ပြည်နယ်အသင်းကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေက ငွေသားဆုငွေကျပ် ၁၀ သိန်းကိုလည်းကောင်း၊ တတိယဆုရရှိသော ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် ၁၅သိန်းကိုလည်းကောင်း၊ ဒုတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်က တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် သိန်း၂၀ကိုလည်းကောင်း၊ ပထမဆုရရှိသော ရန်ကုန်တိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆု ငွေကျပ်သိန်း ၃၀ နှင့် တံခွန်စိုက်ဒိုင်းဆုများကို ပေးအပ်ချီးမြှင့်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ကြည့်ရှုအားပေး
ယင်းနောက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဖလား ပြည်နယ်နှင့်တိုင်းဒေသကြီး (အလွတ်တန်းဖိတ်ခေါ်)အသက်(၁၈)နှစ်အောက် ဘောလုံး(အမျိုးသမီး)ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း အမှတ် (၁)၌ မန္တလေးတိုင်းဒေသကြီးအသင်းနှင့် ပဲခူးတိုင်းဒေသကြီးအသင်း၊ လေ့ကျင့်ရေးကွင်းအမှတ် (၃) ၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြောင်း သိရသည်။
သတင်းစဉ်