နေပြည်တော် ဒီဇင်ဘာ ၁၁
မြန်မာ-ရုရှား နှစ်နိုင်ငံပူးပေါင်း၍ စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်အရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Russian State Atomic Energy Corporation “ROSATOM” တို့ ပူးပေါင်းဆောင်ရွက်ကြမည့် စီမံကိန်းဆိုင်ရာများ တွေ့ဆုံဆွေးနွေးခြင်း အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေ ၆ နာရီခွဲက နေပြည်တော်ရှိ ရုံးအမှတ် (၂၇) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရဲရွာခန်းမ၌ ကျင်းပသည်။
ဂုဏ်ပြုညစာစားပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ROSATOM မှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီး အကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Russian State Atomic Energy Corporation “ROSATOM” မှ ကိုယ်စားလှယ်တစ်ဦးတို့က နှုတ်ခွန်းဆက်စကားများ ပြောကြားကြသည်။
ထို့နောက် ဂုဏ်ပြုညစာစားပွဲကို တေးသံသာများ ဖျော်ဖြေတင်ဆက်မှုနှင့်အတူ ကျင်းပသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် ဒေါက်တာမျိုးသိန်းကျော်တို့က ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်လာကြသည့် ROSATOM မှ ကိုယ်စားလှယ်အဖွဲ့နှင့် ဝန်ကြီးဌာနမှ ဝန်ထမ်းများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရုရှားကိုယ်စားလှယ်အဖွဲ့သည် ယခုနှစ် ဒီဇင်ဘာ လဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ကြပြီး နေပြည်တော်၊ ရန်ကုန်နှင့် အင်းလေးဒေသတို့သို့ လှည့်လည်သွားရောက်ခဲ့ကြရာ ၎င်းဧည့်သည်အဖွဲ့များ၏ မြန်မာနိုင်ငံအပေါ် အမြင်နှင့် ရင်တွင်းစကားကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်။
Palamarchuk lgor ( Deputy Director)
မင်္ဂလာပါ မြန်မာနိုင်ငံကိုရောက်တာ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ ပထမအကြိမ်ကတော့ စက်တင်ဘာလမှာ ရောက်ရှိတာဖြစ်ပါတယ်။
မြန်မာနိုင်ငံက မိတ်ဆွေသင်္ဂဟတွေကို ရုရှားကို ယဉ်ကျေးပျူငှာစွာ ဖိတ်ခေါ်ချင်သလို ရုရှားတွေကိုလည်း မြန်မာနိုင်ငံကို မိတ်ဆွေသဘောမျိုး ယဉ်ကျေးပျူငှာစွာ ခေါ်ယူချင်ပါတယ်။ မြန်မာနိုင်ငံကို ကျွန်တော်အနေနဲ့ လာရောက်ရတာ လွန်စွာပျော်ရွှင်ဝမ်းသာပါတယ်။
မြန်မာနိုင်ငံကို လာရောက်တဲ့အခါမှာ စွမ်းအင်ကဏ္ဍအပြင် အခြားစီးပွားရေး ကဏ္ဍတွေမှာလည်း ပူးပေါင်းဆောင်ရွက်သွားဖို့ အများကြီးရှိပါတယ်။ မြန်မာနိုင်ငံကို ရုရှားနိုင်ငံအနေနဲ့ စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပြီး ကူညီသွားပါမယ်။ ရှေ့ဆက်ပြီးတော့လည်း တစ်ဆင့်ချင်း တစ်ဆင့်ချင်း ကူညီသွားဖို့ ရှိပါတယ်။
မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍများစွာ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ပါတယ်။ နည်းပညာကဏ္ဍမှာလည်း ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်သေးတဲ့အတွက် ဒီလိုကဏ္ဍတွေမှာ များစွာကူညီသွားဖို့ရှိပါတယ်။ ဒီခရီးစဉ် မှာလည်း အဲဒီကဏ္ဍတွေ ဖွံ့ဖြိုးသွားဖို့အတွက် ကျွန်တော်တို့အနေနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
Zhukova Ekaterina (Key Account Director)
မင်္ဂလာပါ ကျွန်မအနေနဲ့ မြန်မာနိုင်ငံကို လာရောက်တာ ငါးကြိမ်မြောက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို လာရောက်တဲ့အချိန်မှာ မြန်မာလူမျိုးတွေရဲ့ ဖော်ရွေမှုတွေကို တွေ့ရတဲ့အတွက် အများကြီး ဝမ်းသာပါတယ်။ မြန်မာနိုင်ငံကို ထပ်ခါထပ်ခါ လာရောက်ရတဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူ မိပါတယ်။ မြန်မာလူမျိုးတွေကိုလည်း ရှရှားနိုင်ငံကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ပါတယ်။
မြန်မာနိုင်ငံမှာ ရှိနေတဲ့အချိန်မှာ ရောက်ခဲ့တဲ့နေရာတွေကတော့ ရန်ကုန်၊ နေပြည်တော်နဲ့ အင်းလေးဒေသတွေ ဖြစ်ပါတယ်။ အင်းလေးကို သွားရောက်လည်ပတ်တဲ့အခါ တော်တော် ပျော်သွားပါတယ်။ ကမ္ဘာရဲ့ ဘယ်နေရာမှ မရှိတဲ့ အတွေ့အကြုံမျိုးကို ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံက အမြဲတမ်း စိမ်းလန်းစိုပြည်နေတယ်။ ရှရှားတွေအနေနဲ့ မြန်မာနိုင်ငံကို လာရောက်တဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ ရာသီဥတုနဲ့ တောတောင်သဘာဝ အလှတွေကို အလွန်ပဲ နှစ်သက်ပါတယ်။
ကျွန်မအနေနဲ့ နောက်ထပ်သွား ရောက်ချင်တဲ့မြို့ကတော့ မန္တလေးမြို့ဖြစ်ပါတယ်။ မန္တလေးမြို့ရဲ့ အထင်ကရနေရာတွေကို ကျွန်မအနေနဲ့ ကြားဖူး သိဖူးပါတယ်။ ကျွန်မအနေနဲ့ သွားရောက်ပြီးတော့ လည်ပတ်ချင်ပါတယ်။
ကျွန်မတို့ ဒီ ROSATOM အနေနဲ့ မြန်မာနိုင်ငံကို စွမ်းအင်ကဏ္ဍတွေအပြင် အခြားကဏ္ဍတွေမှာလည်း များစွာ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိပါတယ်။ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆက်လက်ပြီး လုပ်ဆောင်သွားမယ့် အရာတွေ အများကြီးရှိပါတယ်။
လျှပ်စစ်ကဏ္ဍအနေနဲ့ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့အတွက် အများကြီးအထောက်အကူ ပြုပါတယ်။ ရှရှားနိုင်ငံအနေနဲ့လည်း မြန်မာနိုင်ငံကို ရေအားလျှပ်စစ်ကဏ္ဍ တွေမှာလည်း အထောက်အပံ့ ကောင်းတွေ အများကြီးပေးသွားဖို့ ရှိပါတယ်။
သတင်းစဉ်