နေပြည်တော် ဒီဇင်ဘာ ၁၀
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများသို့ အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်မည့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားများနှင့် တွေ့ဆုံခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၅) ၌ ကျင်းပသည်။
တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တာဝန်ရှိသူများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
စည်းလုံးညီညွတ်စွာ ယှဉ်ပြိုင်
ပထမဦးစွာ အားကစားနည်းအလိုက် ပါဝင်ယှဉ်ပြိုင်မည့် အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစား သမားများကို မိတ်ဆက်ပေးသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉) ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာ “တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေး” ဟူသောရည်မှန်းချက်လည်း အပါအဝင်ဖြစ်ကြောင်း၊ ဝန်ထမ်းများ ကျန်းမာကြံ့ခိုင်မှသာ ကဏ္ဍအလိုက် ရည်မှန်းချက်များကို ကျေပွန်အောင် ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း၊ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပမည့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲတွင် အားကစားနည်းအလိုက် သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး အချင်းချင်း စည်းလုံးညီညွတ်စွာ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်ရန်ဖြစ်ကြောင်း၊ မိမိတို့ယှဉ်ပြိုင်သည့် အားကစားနည်း အောင်မြင်မှုရရှိစေရန် ဇွဲ၊ လုံ့လ၊ ဝီရိယအပြည့်ဖြင့် ဖြူစင်သန့်ရှင်းစွာ ကြိုးစားယှဉ်ပြိုင် ရန်ဖြစ်ကြောင်း၊ အရေးကြီးသည့်အချက်မှာ ပြိုင်ပွဲအောင်နိုင်ရေးအတွက် အားကစားသမား တစ်ဦးချင်းက ကျန်းမာရေးကို ဂရုပြုရန်လိုကြောင်း၊ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ခြင်းသည် နိုင်ငံတော်နှင့် ဝန်ကြီးဌာနဂုဏ်ကို မြှင့်တင်ခြင်းလည်းဖြစ်ကြောင်း၊ ယခုကျင်းပမည့် ပြိုင်ပွဲများကတစ်ဆင့် ဝန်ကြီးဌာနကိုယ်စားပြု အားကစားသမားအဆင့်မှ သည် နိုင်ငံ့ကိုယ်စားပြု အားကစားသမားကောင်းများ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထောက်ပံ့ငွေများ ချီးမြှင့်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အားကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ်သူများကို အကြိုလေ့ကျင့်နေသည့်ကာလနှင့် ပြိုင်ပွဲကာလအတွင်း အင်အားပြည့်အစားအစာများ ကျွေးမွေးနိုင်ရန်နှင့် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်သည်။
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲများသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဘောလုံး၊ ဘော်လီဘော၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ လွန်ဆွဲ၊ အပြေးနှင့် ထုပ်ဆီးတိုး စသော အားကစားနည်းခုနစ်မျိုးသို့ အမျိုးသား ၇၂ ဦး၊ အမျိုးသမီး ၃၆ ဦး စုစုပေါင်း အားကစားသမား ၁၀၈ ဦး ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်